
၂၀၂၁ ခုနှစ် ဩဂုတ်လတုန်းက မန္တလေးက ဆန္ဒပြပွဲတခုမှာ တက်ကြွလှုပ်ရှားသူ ကျောင်းသူဟောင်း သဇင် (နာမည်လွှဲ) သေဆုံးသွားပြီဆိုတဲ့ သတင်းတခု ဆန္ဒပြသူတွေကြားမှာ ပြန့်သွားခဲ့ပါတယ်။ အဲဒီနွေရာသီ မန္တလေးဆန္ဒပြပွဲမှာ စစ်သားတွေက လူအုပ်ထဲကို သေနတ်တွေနဲ့ပစ်၊ ကားတွေနဲ့ဝင်တိုက်ပြီး ဖြိုခွင်းခဲ့တာပါ။
ဆန္ဒပြသူ အများစုကတော့ ဆိုင်ကယ်တွေပေါ် ခုန်တက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ကြပေမဲ့ သဇင်ကတော့ ပါမသွားခဲ့ပါဘူး။ လူငယ်အမျိုးသမီးတယောက် သေနတ်မှန်ပြီး သေဆုံးသွားတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ သူနဲ့အတူ ဆန္ဒပြခဲ့သူတွေက သဇင် သေဆုံးသွားပြီလို့ပဲ ထင်ခဲ့ကြပေမဲ့ တကယ်တမ်းကျတော့ သူဟာ ရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာပါ။ ရဲတွေက သူ့ရဲ့ ဆိုင်ကယ်ကို ကားနဲ့ဝင်တိုက်ပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဖမ်းခံရပြီးနောက်မှာတော့ သူ့ကို မန္တလေးက ရဲစခန်းတခုကို ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာ သူ့ကို “ရိုက်နှက်၊ ပါးရိုက်၊ ကန်ကျောက်ပြီး နှိပ်စက်ခဲ့တယ်” လို့ သူက ပြန်ပြောပြပါတယ်။ သူ့ရဲ့ တင်ပါးတွေဆိုရင် ချုပ်ရတဲ့အထိကို အရိုက်ခံခဲ့ရပါတယ်။ စစ်ကြောရေးလုပ်နေချိန်မှာ အတွင်းခံလောက်ပဲ ချန်ထားပြီး အဝတ်အစားတွေ အကုန်ချွတ်ခိုင်းကာ အမျိုးသား ရဲအရာရှိတယောက်က ကိုယ်ထိလက်ရောက် စော်ကားတာမျိုးတွေလည်း ကြုံခဲ့ရပါတယ်။ အဲဒီညက သူ့ကို အမျိုးသားအဆောင်ရှေ့က စင်္ကြံလမ်းမှာ လက်ထိပ်၊ ခြေချင်းတွေခတ်ပြီး ပစ်ထားခဲ့တဲ့အတွက် တညလုံး အိပ်လို့မရခဲ့ရပါဘူး။
ဒီလို ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ကြုံပြီးနောက်မှာတော့ သဇင်ဟာ မြန်မာ့အကျဉ်းထောင်တွေထဲမှာ ၃ နှစ်လောက် ပျောက်ကွယ်သွားခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေအရ ဒီအကျဉ်းထောင်တွေဟာ “စနစ်တကျ နှိပ်စက်ညှဉ်းပန်းမှု၊ သတ်ဖြတ်မှုနဲ့ တခြားဆိုးရွားတဲ့ အလွဲသုံးစားလုပ်မှုတွေ” အပြင် “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စနစ်တကျ ကျူးလွန်နေတဲ့” နေရာတွေလို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီး ၅ နှစ်တာ ကာလအတွင်းမှာ တက်ကြွလှုပ်ရှားသူတွေ၊ ဆန္ဒပြသူတွေ၊ သတင်းထောက်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ သဇင်လည်း တယောက်အပါအဝင် ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ အဲဒီအထဲမှာ အမျိုးသမီး ၆,၄၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။
မန္တလေးဗဟိုအကျဉ်းထောင်နဲ့ မြင်းခြံထောင်တွေမှာ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ သဇင်ကတော့ ထောင်ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ အဝတ်အစားချွတ်ပြီး ရှာဖွေတာတွေ၊ ရိုက်နှက်တာတွေလည်း ပါဝင်ပါတယ်။
သူ ထောင်ကျတဲ့ ပထမနှစ်မှာပဲ သူတို့အဆောင်က တခြား နိုင်ငံရေးအကျဉ်းသူတွေ ရေချိုးနေတာကို အမျိုးသား ထောင်ဝန်ထမ်းတွေက ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ခိုးရိုက်ထားခဲ့တယ်လို့ သိရပါတယ်။ ရှေ့နေတယောက်က သဇင်ကို ပြန်ပြောပြချက်အရ အဲဒီဗီဒီယိုဖိုင်တွေကိုသုံးပြီး မိသားစုဝင်တွေဆီကနေ ငွေညှစ်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
AAPP က ထုတ်ပြန်တဲ့ အစီရင်ခံစာတခုမှာလည်း အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ကိုယ်တိုင်ကြုံတွေ့ (သို့) မျက်မြင်တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ CCTV ကင်မရာတွေကနေ ရတဲ့ အချက်အလက်တွေကို သုံးပြီး "လိင်ပိုင်းဆိုင်ရာ အရှက်ခွဲတာတွေ၊ အကျပ်ကိုင်တာတွေ" လည်း လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမျိုးသား ထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသူတွေကို သံတုတ်တွေ၊ လျှပ်စစ်ကျဉ်စက်တွေနဲ့ နှိပ်စက်ခဲ့တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
၂၀၂၅ ခုနှစ် နှောင်းပိုင်းကစလို့ Fortify Rights အဖွဲ့ဟာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသူတွေရဲ့ အခြေအနေကို လေ့လာတဲ့အနေနဲ့ အကျဉ်းကျခံခဲ့ရသူ အမျိုးသမီး ၁၀ ဦးကို အင်တာဗျူးခဲ့ပါတယ်။ Fortify Rights ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းကျွမ်းကျင်သူ ချစ်ဆန်ရဲ့ အဆိုအရ အဲဒီအမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ နှုတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ (မုဒိမ်းကျင့်မယ်လို့ ခြိမ်းခြောက်တာတွေ၊ ရိုက်နှက်တာတွေ အပါအဝင်) ကို ပြောပြခဲ့ကြတယ်လို့ သိရပါတယ်။
"ဒီကိစ္စတွေက တခါတလေမှ ဖြစ်တဲ့ကိစ္စတွေ မဟုတ်ပါဘူး။ ပုံမှန်ကိစ္စတခုလို ဖြစ်နေတာပါ။ အဖမ်းခံရချိန်ကစလို့ စစ်ကြောရေးနဲ့ ထောင်ချခံရတဲ့အထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခြိမ်းခြောက်တဲ့ လက်နက်တခုအနေနဲ့ စနစ်တကျ သုံးနေတယ်ဆိုတာကို ပြသနေပါတယ်။ နေရာတိုင်း၊ အလွှာတိုင်းမှာ ဒီလိုတွေ ဖြစ်နေတာပါ" လို့ ချစ်ဆန်က ပြောပါတယ်။
"အမျိုးသမီးတွေနဲ့ ပတ်သက်လာရင် (အာဏာပိုင်တွေက) သူတို့စကားနားထောင်အောင် ထိန်းချုပ်ဖို့နဲ့ အပြစ်ပေးဖို့အတွက် ဘာမဆို လုပ်ကြတာပါပဲ။"
အင်းစိန်ထောင်နဲ့ သာယာဝတီထောင်တွေမှာ နေခဲ့ရတဲ့ သူနာပြုနဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း နောက်တယောက်ကလည်း သူကိုယ်တိုင် အလားတူ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၂၂ ခုနှစ် ရန်ကုန်မှာ ဆန္ဒပြရင်း ဒဏ်ရာရလာသူ ၂ ယောက်ကို ဆေးကုသပေးခဲ့လို့ မခိုင် (နာမည်လွှဲ) ဟာ အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။
အင်းစိန်ထောင်မှာ ထောင်ဝန်ထမ်းတွေရဲ့ ပြင်းထန်ကြမ်းတမ်းတဲ့ စစ်ကြောမေးမြန်းမှုတွေ၊ အမျိုးသမီးအဆောင်မှာ CCTV တွေနဲ့ စောင့်ကြည့်ခံရမှုတွေကြောင့် မခိုင်ဟာ "စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာ" တွေ ရခဲ့ပါတယ်။ တခြား နိုင်ငံရေးအကျဉ်းသူတွေဆိုရင် စစ်ကြောရေးမှာ အဝတ်အစားချွတ်ခံရပြီး မိန်းမကိုယ်ပေါ်ကို အရည်ကျိုထားတဲ့ ပလတ်စတစ် အရည်စက်တွေချပြီး နှိပ်စက်ခံခဲ့ရတယ်လို့ ပြန်ပြောပြကြကြောင်း သူက ဆိုပါတယ်။
AAPP ရဲ့ မှတ်တမ်းတွေအရ အကျဉ်းထောင်တွေ၊ ရဲစခန်းတွေနဲ့ စစ်ကြောရေးစခန်းတွေမှာ နှိပ်စက်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသူ အယောက် ၄၀ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ တချို့ဆိုရင် အသက် ၂၂ နှစ် အရွယ်လေးတွေသာ ရှိသေးပြီး ဆေးဝါးကုသခွင့် မရတာနဲ့ ဒဏ်ရာတွေ ပြင်းထန်လွန်းတာကြောင့် သေဆုံးခဲ့ရတာပါ။
အဲဒီအထဲမှာ ၂၀၂၁ ခုနှစ်က တခြားကျောင်းသား ၅ ယောက်နဲ့အတူ အဖမ်းခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် မဝတ်ရည်အောင်လည်း ပါဝင်ပါတယ်။ သူဟာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရပြီး စစ်ကြောရေးမှာ နှိပ်စက်ခံရတာကြောင့် ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။ ဝတ်ရည်အောင်ရဲ့ ကျန်းမာရေးဟာ တဖြည်းဖြည်း ဆိုးရွားလာပြီး နှလုံးရပ်တာတွေ၊ တက်တာတွေ ဖြစ်လာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ဆေးရုံကို ပို့ဆောင်နေစဉ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာတော့ စစ်ကောင်စီ ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကို လူ့အခွင့်အရေး လေ့လာသူတွေကတော့ "အတုအယောင်" လို့ သတ်မှတ်ကြပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် ခန့်အပ်ခဲ့ပါတယ်။
အဲဒီနောက် မကြာခင်မှာပဲ နိုင်ငံရေးအကျဉ်းသား ၄,၀၀၀ ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ပေးကာ နေအိမ်တအိမ်မှာ ပြောင်းရွှေ့ချုပ်နှောင်မယ်လို့ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ Amnesty International ရဲ့ သုတေသီ ဂျိုးဖရီးမန်းကတော့ ဒါတွေဟာ တကယ့်အပြောင်းအလဲ မဟုတ်ဘဲ စစ်အုပ်စုက သူတို့ရဲ့ပုံရိပ်ကို အဖတ်ဆယ်ဖို့ ကြိုးစားနေတာသာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
"တကယ်တမ်း ဘာမှ ပြောင်းလဲမသွားပါဘူး။ စစ်အုပ်စုက အရပ်သား နိုင်ငံရေးအင်အားစုတခုလို ဟန်ဆောင်ဖို့ ကြိုးစားနေတာပါ။ တကယ်တမ်း အာဏာကို ချုပ်ကိုင်ထားတာက အရင်လူတွေချည်းပါပဲ" လို့ သူက ဆိုပါတယ်။
AAPP ရဲ့ ခန့်မှန်းချက်တွေအရ ပြီးခဲ့တဲ့လအထိ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သား ၂၂,၀၆၄ ဦးဟာ ထောင်ထဲမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
အခုဆိုရင် နိုင်ငံရေးအကျဉ်းသူဟောင်း ရာနဲ့ချီပြီး ထိုင်းနိုင်ငံမှာ ပြည်ပြေးဘဝနဲ့ နေထိုင်နေကြရပါတယ်။ အဲဒီအထဲမှာ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့လို့ မအူပင်ထောင်မှာ ၁၈ လကြာ အကျဉ်းကျခံခဲ့ရပြီး ၂၀၂၃ ခုနှစ်မှာ ထိုင်းကို ထွက်ပြေးလာခဲ့တဲ့ ယုမီစံလည်း ပါဝင်ပါတယ်။ သူဟာ စစ်ကြောရေးမှာ ၁၃ နာရီဆက်တိုက် မေးမြန်းခံခဲ့ရပြီး ထောင်ထဲမှာ နှလုံးဖောက်တဲ့အထိ ဖြစ်ခဲ့ပေမဲ့ ဆေးကုသခွင့် မရခဲ့တဲ့အပြင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေပါ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
အခုအခါမှာတော့ သူဟာ ထောင်ထဲမှာ ကျန်နေသေးသူတွေနဲ့ ထောင်ကလွတ်လာပြီးနောက်ပိုင်း နာလန်ထူဖို့ ရုန်းကန်နေရတဲ့ အမျိုးသမီးတွေကို ကူညီပေးဖို့အတွက် Justice Network for Political Prisoners (နိုင်ငံရေးအကျဉ်းသားများအတွက် တရားမျှတမှုကွန်ရက်) ကို တည်ထောင်ထားပါတယ်။
"အခုအချိန်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီထောက်ပံ့ဖို့နဲ့ မှတ်တမ်းတင်ဖို့ အင်မတန် အရေးကြီးတဲ့ အချိန်ပါပဲ" လို့ ယုမီစံက ပြောပါတယ်။
သဇင်နဲ့ မခိုင်တို့ဟာလည်း ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို အသီးသီး ထွက်ပြေးလာခဲ့ကြပြီး အခုဆိုရင် တခြားနိုင်ငံရေးအကျဉ်းသားတွေအပေါ် ကျူးလွန်နေတဲ့ ချိုးဖောက်မှုတွေကို AAPP အတွက် မှတ်တမ်းတင်ပေးနေကြပါတယ်။
"လွှတ်တော် ပြောင်းသွားတယ်ဆိုတာ ကျမအတွက်တော့ ဟာသတခုလိုပါပဲ" လို့ သဇင်က ဆိုပါတယ်။ "သူတို့ (အကျဉ်းသားတချို့ကို) လွှတ်ပေးတာက နိုင်ငံတကာ ဖိအားတွေကြောင့်ပါ။ သူတို့ကို ကျမ လုံးဝ မယုံပါဘူး။"
မခိုင်နဲ့ သဇင်တို့ဟာ အခု မြန်မာနိုင်ငံမှာ မရှိကြတော့ပေမဲ့ သူတို့ကတော့ "ထောင်ထဲမှာ ချန်ထားရစ်ခဲ့တဲ့ အမျိုးသမီးတွေရဲ့ အသံတွေကို အခုထက်ထိ ကြားနေရဆဲပါပဲ" လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။
အဲလက်စ် ဟောက်လက်
Ref: The Guardian
(ယူကေနိုင်ငံထုတ် The Guardian သတင်းစာတွင် ဆောင်းပါးရှင် Alex Howlett ရေးသားထားသည့် “Tortured, humiliated and killed: the women who disappear into Myanmar’s prisons" သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)










