
ဧရာဝတီတိုင်း ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှာ ကျပ် သိန်း ၅၀၀ ကျော်တန်ဖိုးရှိတဲ့ ရွှေထည် ပစ္စည်းတွေနဲ့ ငွေသားတချို့ခိုးယူခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဧပြီ ၂၇ ရက်ညပိုင်း ဘိုကလေးမြို့နယ်၊ ညီနောင်ကျေးရွာအုပ်စု၊ သဘော့ကျွန်းကျေးရွာက ဒေါ်သီသီအေးရဲ့ နေအိမ်မှာ မိသားစုဝင်တွေ အိပ်ပျော်နေတုန်း ကျပ်သိန်း ၅၀၀ ကျော် တန်းဖိုးရှိတဲ့ ရွှေထည်တွေနဲ့ ငွေတွေကို သူခိုးက ခိုးယူသွားတာလို့ ရွာသားတယောက်က ပြောပါတယ်။
“ခိုးယူခံရတာကို ပိုင်ရှင်တွေက မိုးလင်းမှ သိရတာ။ သေတ္တာထဲမှာထားတဲ့ ရွှေထည်တွေနဲ့ ပိုက်ဆံ တွေ ပျောက်နေတာ။ ပျောက်ဆုံးသူတွေက ရဲစခန်းမှာ အမှုဖွင့် ထားတယ်။''
ခိုးယူခံရတာကြောင့် တကျပ်သားလောက်ရှိတဲ့ ရွှေဆွဲကြိုး ၃ ကုံး၊ တမတ်သားလောက်ရှိတဲ့ ဆွဲသီး ၁ ခု၊ တကျပ်သားလောက်ရှိတဲ့ လက်ကောက် ၆ ကွင်း၊ ကျောက်ပါလက်စွပ် ၆ ကွင်း၊ ငွေသား ကျပ်သိန်း ၁၆၀ လောက်ပါသွားတာ လို့သိရပါတယ်။
ဒေသခံတယောက်က ''လောင်းကစားတွေ အွန်လိုင်းဂိမ်းတွေ ခေတ်စားလာပြီးနောက် ခိုးယူခံရတဲ့ ဖြစ်စဉ်တွေ မကြာခဏဖြစ်နေတာ။ တရားဥပဒေစိုးမိုးမှုလုံးဝမရှိဘူး။ ကိုယ်လုံခြုံရေး ကိုယ်ယူ နေရတာ”လို့ ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ဘိုကလေးမြို့နယ်ရဲတပ်ဖွဲ့ဆီကို ရွှေထည်နဲ့ ငွေသားတွေ ပျောက်ဆုံးတဲ့ ပိုင်ရှင် က တိုင်ကြားထားပေမဲ့ မေ ၁ ရက်အထိ တရားခံကို ဖမ်းမိတာမရှိ သေးပါဘူး။










