DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည် ၅,၀၀၀ ကို ပြန်လက်ခံရန် မြန်မာ သဘောတူဟု မလေးရှားဝန်ကြီးချုပ်ပြော
DVB
·
July 30, 2026
Photo: Reuters
Photo: Reuters
Donate to DVB

မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ လောက်ကို ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံဘက်က သဘောတူညီခဲ့တယ်လို့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က ပြောကြားလိုက်တယ်လို့ မလေးရှား Bernama သတင်းမှာ ဖော်ပြပါတယ်။

ဒီကိစ္စမှာ စတင်ဆောင်ရွက်စဉ်က ခက်ခဲခဲ့ပေမဲ့ မလေးရှားနဲ့ မြန်မာနိုင်ငံကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့် နောက်ဆုံးမှာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

ဝန်ကြီးချုပ် အန်ဝါက “လူတွေက သူတို့ (ရိုဟင်ဂျာ ဒုက္ခသည်များ) ကို ပြန်ပို့ဖို့ ပြောကြတယ်။ ဒါပေမဲ့ ဘယ်ကို ပြန်ပို့ရမှာလဲ။ မြန်မာနိုင်ငံကို ပြန်ပို့ရမှာ။ အရင်ကတော့ သူတို့ (မြန်မာနိုင်ငံ) က လက်မခံချင်ခဲ့ပါဘူး။ ဒါပေမဲ့ မလေးရှားနဲ့ မြန်မာနိုင်ငံကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့် အခုဆိုရင် မလေးရှားကနေ (ရိုဟင်ဂျာ ဒုက္ခသည်) ၅,၀၀၀ ကို ပထမအသုတ်အနေနဲ့ ပြန်လည်လက်ခံဖို့ သူတို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်” လို့ ဆင်ပန်ဒူရီယန်မှာ ကျင်းပတဲ့ပွဲတခုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အခုလို မလေးရှားရောက် ရိုဟင်ဂျာ ၅,၀၀၀ ကို ပြန်လက်ခံဖို့ကိစ္စ မြန်မာစစ်အာဏာရှင် ဘက်ကတော့ တရားဝင် သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ 

ပုံမှန်အားဖြင့်တော့ ရိုဟင်ဂျာတွေကို နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးမှ ပြန်လက်ခံလေ့ရှိတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်က ပီနန်ကနေ ကွာလာလမ်ပူမြို့တော်ကို ဘတ်စ်ကား ၃ စီးနဲ့ မနက်စောစောမှာ ရောက်ရှိလာတဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ကွာလာလမ်ပူမြို့၊ ဂျာလန်ဘူကစ် ပီတာလင်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပြင်ဘက်မှာ ခိုလှုံခွင့်တောင်းဖို့ စုဝေးရောက်လာခဲ့လို့ မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ရိုဟင်ဂျာတွေကတော့ သူတို့ဟာ သူတို့ရဲ့နေအိမ်တွေကနေ နှင်ထုတ်ခံရပြီးနောက်မှာ အကာအကွယ် ရှာဖွေနေတာဖြစ်ကြောင်း၊ သူတို့မှာ သောက်ရေရော ထမင်းရော မရရှိတဲ့အပြင် အိမ်သာကိစ္စ ခွင့်ပြုပေးဖို့ အာဏာပိုင်တွေကို တောင်းပန်ခဲ့တာလို့ ပြောပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပါအဝင် ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ မလေးရှားမြောက်ပိုင်း ပီနန်းပြည်နယ် ကွာလာမူဒါဒေသမှာရှိတဲ့ သူတို့ရဲ့ နေအိမ်တွေကနေ ဒေသခံတွေရဲ့ နှင်ထုတ်တာခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် တခြားနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ရေး UNHCR ဆီက အကူအညီတောင်းဖို့ မြို့တော်ဆီကို ညဘက် ဘတ်စ်ကားတွေနဲ့ ထွက်ခွာလာကြတာလို့ ဒုက္ခသည် ဟွတ်စနူးလ် ဘင်ဟူစိန်က ပြောပါတယ်။

ဒီလို နှင်ထုတ်မှုတွေဟာ မေလကတည်းက ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းပေါ်မှာ အမုန်းစကားတွေနဲ့ သတင်းအမှားတွေ ပျံ့နှံ့မှု မြင့်တက်လာခဲ့တာကြောင့် ဖြစ်ပြီး ရိုဟင်ဂျာ အသိုက်အဝန်းအပေါ် နှောင့်ယှက်မှုတွေနဲ့ စောင့်ကြည့်စစ်ဆေးမှုတွေ ပိုများလာကာ စာသင်ကျောင်းတွေကိုပါ အများအပြား ပိတ်ပစ်ခဲ့ရပါတယ်။

အဆိုပါ ဒုက္ခသည်တွေကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ (NGOs) နဲ့  UNHCR တို့က သတ်မှတ်ပေးထားတဲ့ ပြည်နယ် ၃ ခုကို အဆင့်လိုက် ပြောင်းရွှေ့ပေးနေတယ်လို့ ကွာလာလမ်ပူ ရဲတပ်ဖွဲ့မှူးက   ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် အန်ဝါက ပြည်သူလူထုရဲ့ အေးချမ်းသာယာမှုကို နှောင့်ယှက်တာ ဒါမှမဟုတ် နိုင်ငံအတွင်းရှိ နယ်မြေကို စီးပိုင်စိုးမိုးဖို့ ကြိုးပမ်းတဲ့ ဘယ်ဒုက္ခသည်အုပ်စုကိုမှ အစိုးရအနေနဲ့ အလျှော့ပေး လိုက်လျောမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မလေးရှားနိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်တွေ အနေနဲ့ လမ်းမတွေပေါ်မှာ ဒါမှမဟုတ် အများပြည်သူဆိုင်ရာ နေရာတွေမှာ စုဝေးခြင်းအားဖြင့် ပြည်သူတွေရဲ့ အေးချမ်းသာယာမှုကို မနှောင့်ယှက်ရဘူးလို့လည်း   ထပ်လောင်းပြောပါတယ်။

ပြည်သူလူထုရဲ့ အေးချမ်းသာယာမှုကို နှောင့်ယှက်တဲ့ ဒါမှမဟုတ် လမ်းမတွေနဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ စုဝေးတဲ့ ဘယ်အုပ်စုကိုမဆို အရေးယူဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားထားကြောင်းနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို သတ်မှတ်ထားတဲ့ နေရာတွေကို ပြောင်းရွှေ့ပေးသွားမယ်လို့ ဝန်ကြီးချုပ် အန်ဝါက ပြောတဲ့အကြောင်း မလေးရှားသတင်းမှာ ဖော်ပြပါတယ်။

Source:  Bernama

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013