
ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့ (၅-၄) ဂိုးနဲ့ အကြိတ်အနယ် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အပြီးမှာ အေစီမီလန်ဂန္ထဝင် ဆီးဒေါ့ဖ်က အာဆင်နယ်ကို ချန်ပီယံလိဂ်ဆုဖလား ရနိုင်ခြေအရှိဆုံးအသင်းအဖြစ် ရွေးချယ်လိုက်ပါတယ်။
ဘိုင်ယန်နဲ့ ပီအက်စ်ဂျီတို့ရဲ့ တိုက်စစ်ပိုင်းက ကောင်းမွန်ပေမဲ့ ခံစစ်ပိုင်း အားနည်းချက်တွေကြောင့် အခုလို ဂိုးတွေအများကြီး ပေးခဲ့ရတာလို့ သူက ထောက်ပြပါတယ်။
အာဆင်နယ်ရဲ့ ခံစစ်ကျစ်လျစ်မှုနဲ့ ပေးဂိုးမရှိပွဲစဉ် အများအပြား ရရှိထားမှုက တခြားအသင်းတွေနဲ့ ကွာခြားစေတဲ့အချက်ဖြစ်ပြီး ဒီအစွမ်းအစကပဲ သူတို့ကို ချန်ပီယံဖြစ်စေမှာလို့ ဆီးဒေါ့ဖ်က ဆိုပါတယ်။
ဝိန်းရွန်နီကလည်း ပွဲကြီးပွဲကောင်းတွေမှာ အခုလို ခံစစ်အမှားတွေ အများကြီးလုပ်တာဟာ လက်ခံနိုင်စရာမရှိကြောင်း သဘောတူခဲ့ပါတယ်။
အာဆင်နယ်ဟာ ကြာသပတေးနေ့မှာ အက်သလက်တီကိုနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ဟာ ဥရောပ ဘောလုံးသမိုင်းမှာ အကောင်းဆုံးပွဲစဉ်တပွဲ ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် သမိုင်းတလျှောက် ဂိုးအများဆုံးပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သလို နှစ်သင်းလုံးရဲ့ အပြန်အလှန် တိုက်စစ်ဆင်မှု တွေက ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
ပွဲမှာ ဟာရီကိန်းက ဘိုင်ယန်အတွက် ပင်နယ်တီကနေ ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမဲ့ ပီအက်စ်ဂျီက ခွာရတ်စခီလီယာ၊ ဂျာအိုနေးဗက်စ်နဲ့ ဒမ်ဘီလီတို့ရဲ့ ဂိုးတွေနဲ့ အသာစီးပြန်ယူခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း နှစ်သင်းလုံး ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့ကြပြီး ပွဲအပြီးမှာတော့ ၉ ဂိုးအထိ ရှိခဲ့တာပါ။
ဘိုင်ယန်ကတော့ ပွဲနှောင်းပိုင်းမှာ လူးဝစ်ဒီယတ်ဇ်ရဲ့ ဂိုးနဲ့အတူ (၅-၄) ဂိုးအထိ လိုက်ကစားနိုင်ခဲ့လို့ ဒုတိယအကျော့အတွက် မျှော်လင့်ချက် ရှိနေပါသေးတယ်။
Photo: Reuters











