DVB Logo
Home
မြန်မာသတင်း
နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားများအတွက် RCSS/SSA နေထိုင်စားသောက်မှုစီစဉ်ပေးမည်
DVB
·
July 5, 2017
Donate to DVB

 

ထိုင်းနိုင်ငံက ထုတ်ပြန်ထားတဲ့ အလုပ်သမားဥပဒေသစ်ကြောင့်  မြန်မာပြည်က ရွှေ့ပြောင်း အလုပ်သမားတွေသောင်းနဲ့ချီ နေရပ်ပြန်နေကြရာမှာ အခက်အခဲမရှိစေဖို့ ကူညီပေးမယ်လို့  ရှမ်းလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ RCSS/SSA ကကြေညာပါတယ်။

မယ်ဆိုင်တဘက်ခြမ်း တာချီလိတ်မြို့မှာ ဖွင့်လှစ်ထားတဲ့ RCSS ရှမ်းပြည်တပ်မတော် ဆက်ဆံရေးရုံးကနေ နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားတွေကို လက်ခံကူညီမယ့်အကြောင်း ဇူလိုင် ၄ရက်က ထုတ်ပြန်ကြေညာထားပါတယ်။

အလုပ်သမားတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြန်လာတာဘဲဖြစ်ဖြစ်၊ ထိုင်းရဲဖမ်းပြီး နယ်စပ်မှာ လာပို့ထားတာဘဲဖြစ်ဖြစ် ချက်ချင်းအိမ်ပြန်ဖို့ အခက်အခဲရှိတယ်ဆိုရင် ဆက်ဆံရေးရုံးမှာ တည်းခိုဖို့ နဲ့ စားရေးသောက်ရေးကိစ္စပါ ကူညီပေးမယ်လို့  တာချီလိတ်ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးဆိုင်လီက ဒီဗွီဘီကို ပြောပါတယ်။

“အလုပ်သမားတွေ တာချီလိတ်ရောက်ပြီဆိုရင် ကျနော်တို့ကို ဆက်သွယ်အကြောင်းကြား လိုက်ပါ။  ကျနော်တို့အဖွဲ့က လာကြိုပြီး တည်းခိုဖို့ စားရေးသောက်ရေးပါ စီစဉ်ပေးပါမယ်။ လူပေါင်း ရာနဲ့ချီပြီး တည်းခိုနိုင်တဲ့ ဟောင်လိုတ်ဘုန်းကြီးကျောင်းမှာ နေရာချထားပေးဖို့ ဆရာတော်ထံလည်း လျှောက်ထားပြီးပါပြီ။ ကျနော်တို့နဲ့အတူ သံဃာတော်တွေရော၊ ဘုန်းကြီးကျောင်းဝေယျာဝစ္စအဖွဲ့၊ လူငယ်အဖွဲ့၊ နိုင်ငံရေးပါတီတွေပါ ပူးပေါင်းကူညီပေးကြမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ မှတ်ပုံတင်လက်မှတ်မရှိဘူးဆိုရင်လဲ လ၀ကရုံးတွေနဲ့ ဆက်သွယ် ညှိနှိုင်းပေး နိုင်ပါတယ်ခင်ဗျ၊ ဒါတွေအတွက် ကုန်ကျစရိတ် လုံးဝပေးစရာမလိုပါဘူး။ အိမ်ပြန်ခရီးစရိတ်မရှိတဲ့ သူတွေ ဆိုရင်တော့ ကျနော်တို့ကလည်း မတတ်နိုင်တော့  သူဌေးတွေ ဆီက အလှူငွေလိုက်တောင်း ရမှာပေါ့ခင်ဗျ။ ရှမ်းလူမျိုးမှ မဟုတ်ပါဘူး။ လူမျိုးဘာသာမရွေး အားလုံးကို လက်ခံကူ ညီပေးမှာပါ။”

တာချီလိတ်ဘက်ကနေ မဟုတ်ဘဲ မယ်ဟောင်ဆောင်နယ်စပ်ဘက်ကနေ ပြန်လည် ၀င်ရောက်လိုသူတွေအတွက် ရှမ်းပြည်တပ်မတော် ဌာနချုပ် လွိုင်တိုင်းလျန်းမှာလည်း တည်းခိုနိုင်တယ်လို့ လည်းပြောပါတယ်။

မိုင်းတုံမြို့နယ် နောင်အုပ်ကျေးရွာအုပ်စုရှိ  ဘီပီ 1 - ဘီပီ 2 ဂိတ်တွေကနေ လက်ခံမယ်လို့ ကနဦးက ကြေညာထားပေမယ့် အဲဒီဘက်က တာဝန်ယူကြိုဆိုပေးမယ့်သူ အဆင်မသင့်သေးဘူး လို့ ဆိုပါတယ်။

ထိုင်းကလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကြိုဆိုလက်ခံမယ့်အကြောင်း အရင်ပတ်ကတည်းက လူမှုကွန်ရက်ကနေ ဖုန်းနံပတ်တွေ ကြေညာထားပေမယ့် လာရောက်ဆက်သွယ်အကူအညီ  တောင်းသူ ဆယ်ဂဏန်းမျှသာရှိသေးကြောင်း၊ ပြည်သူတချို့က လက်နက်ကိုင်အဖွဲ့ဆိုရင် ကြောက်ရွံ့တဲ့ စိတ်ရှိနေလို့ မဆက်သွယ်ရဲ ဟန်တူကြောင်း၊  ဒီလက်ခံကူညီမှုမှာ စစ်သားသစ် စုဆောင်းတာတွေနဲ့ ပတ်သက်မှုလုံးဝမရှိဘဲ လူသားချင်းစာနာမှုသက်သက်နဲ့သာ ကူညီခြင်း ဖြစ်တယ်လို့  ဗိုလ်မှူးဆိုင်လီက ပြောပါတယ်။

သူတို့ဆီမှာ လာရောက်တည်းခိုလိုသူတွေအနေနဲ့ ထိုင်းဖုန်း - ၀၈၅ ၀၂၉ ၄၆၆၂၊ ၀၈၁ ၇၈၃၀၂၀၆၊ ၀၈၆ ၁၉၅ ၉၀၀၃ နဲ့ မြန်မာဖုန်း - ၀၉ ၄၅၄၀၈၅၂၀၆ တွေကို ဆက်သွယ်နိုင်သလို ဟောင်လိုတ်ဘုန်းကြီးကျောင်း နဲ့ မကာဟိုခမ်းကျောင်းတိုက်ကိုလည်း တိုက်ရိုက်သွားရောက်နိုင် တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအတွင်းပိုင်းကနေ နယ်စပ်ပြန်မယ့် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဇွန်လ ၂၃ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ လမ်းမှာ ဖမ်းဆီးစစ်ဆေးမှုရှိမှာမဟုတ်ကြောင်း ထိုင်း အစိုးရက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013