DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံသတင်းထောက် ၃ဦးကို နမ့်ဆန်မြို့နယ်တွင် ပြောင်းလဲအမှုဖွင့်
DVB
·
July 4, 2017
ဖမ်းဆီးခံသတင်းထောက် ၃ဦးကို နမ့်ဆန်မြို့နယ်တွင် ပြောင်းလဲအမှုဖွင့်
Donate to DVB

 

သီပေါအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒီဗွီဘီနဲ့ ဧရာဝတီ သတင်းထောက် ၃ ယောက်တို့ကို သီပေါမြို့နယ်မှာ အမှုဖွင့် အရေးယူထားရာကနေ နမ့်ဆန်မြို့နယ်မှာ ပြောင်းလဲ အမှုဖွင့်လှစ်လိုက်ပါတယ်။

နမ့်ဆန်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးဇော်မင်းက “ကျနော်တို့ဆီမှာ ဖွင့်ပါတယ်ခင်ဗျာ။ သီပေါရဲစခန်းကနေပြီးတော့မှ တနင်္ဂနွေနေ့က ပြန်ပြီးပြောင်းလိုက်ပါတယ်။ ကျနော်တို့ဆီမှာ တရားစွဲရမှာပေါ့။ နမ့်ဆန်တရားရုံးမှာပါ။  အမှုအခင်းဖြစ်သွားတဲ့နေရာနဲ့ တွေ့ရှိတဲ့နေရာ စီရင်စုက သီပေါတရားသူကြီးရဲ့ အပိုင်မဟုတ်တဲ့အတွက် ကျနော်တို့ နမ့်ဆန်အပိုင်ဖြစ်တဲ့အတွက် ကျနော်တို့ နမ့်ဆန်မှာပဲ ပြန်ပြီး အမှု လက်ခံပေးရတာပါ ”လို့ ဒီဗွီဘီကိုပြောပါတယ်။

ဖမ်းဆီးခံသတင်းထောက် ၃ဦးနဲ့ ကားသမား ၃ ဦးစုစုပေါင်း ၆ ဦးကို လာမယ့် ဇူလိုင်  ၁၁ ရက်နေ့ နောက်ဆုံးထားပြီး  နမ့်ဆန်မှာ တရားရုံးထုတ်ဖို့ရှိနေတယ်လို့ လည်းသိရပါတယ်။

ဒါပေမယ့် သီပေါအကျဉ်းထောင်ကနေ ကားနဲ့ သုံးလေး နာရီကြာခရီးလာရောက်ပြီး နမ့်ဆန်မှာ တရားရုံးထုတ်ရမှာဖြစ်လို့ လမ်းခရီးလုံခြုံရေး စိတ်မချရတဲ့အတွက် အထက်ကို တင်ပြထားတယ်လို့လည်း ရဲမှူး ဇော်မင်းက ပြောပါတယ်။

“လက်ရှိ အခြေအနေက လမ်းကြောင်း အခြေအနေအပိုင်း၊  တရားခံထုတ်ပြီးစစ်ဖို့ တရားစွဲ တင်မယ့်အပိုင်းနဲ့  နယ်မြေလုံခြုံရေး စိတ်မချရဘူးဆိုတဲ့အပိုင်း အထက်ကို တင်ပြထားတုန်း ရှိပါသေးတယ်။”  

သီပေါအကျဉ်းထောင်မှာ ဖမ်ဆီးထိမ်းသိမ်းခံနေရတဲ့ ဒီဗွီဘီ အကြီးတန်း သတင်းထောက် ဦးအေးနိုင်နဲ့ ဧရာဝတီသတင်းထောက် ဦးသိန်းဇော်တို့ကို မိသားစုဝင်တွေက မနေ့က ထောင်ဝင်စာ သွားရောက် တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။

ဒီကနေ့မွန်းလွဲပိုင်းမှာတော့  ဒီဗွီဘီသတင်းထောက် ကိုပြည့်ဘုန်းအောင်ရဲ့ မိခင်နဲ့ ဖခင်ဖြစ်သူတို့ သားဖြစ်သူကို ထောင်ဝင်စာ သွားရောက် တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။

ကိုပြည့်ဘုန်းအောင်ရဲ့ဖခင် ဦးကျော်စိုးဦးက “ကျန်းမာရေး အကုန်ကောင်းပါတယ်။ အထဲမှာ ကောင်းကောင်းမွန်မွန်နေရတယ်တဲ့။ သူတို့ကို တခြားအချုပ်သားတွေနဲ့ မရောထားဘူး။ သီးခြား သတ်သတ်ထားပေးတယ်တဲ့။ ကျနော်တို့ကိုတွေ့တော့လည်း စိတ်မပူဖို့နဲ့ အစားအသောက်တွေ စားမယ်လို့လည်းပြောတယ်။ ကျနော်တို့ ရွှင်ရွှင်လန်းလန်းပဲတွေ့ရတာပါ။ စာအုပ်ဖတ်လို့ ရတယ်ဆိုလို့ စာအုပ်တွေ ဂျာနယ်ဟောင်းတွေ ပေးထားလိုက်တယ်။ ကျနော်တို့ကတော့ ကျနော့်သားလေး အမြန်ဆုံးပြန်လွတ်စေချင်တာပေါ့”လို့ထောင်ဝင်စာတွေ့ပြီးနောက်ပြောပါတယ်။

တီအန်အယ်အေမှာ သတင်းသွားယူပြီးပြန်လာတဲ့ ဒီဗွီဘီသတင်းထောက် ၂ ဦးနဲ့ ဧရာဝတီ သတင်းထောက် ၁ ဦးတို့ကို  ဇွန် ၂၆ ရက်မှာ တပ်မတော်စစ်ကြောင်းက နမ့်ဆန်-သီပေါ ကားလမ်းမှာ ဖမ်းဆီးပြီး မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်ထားတာ  ဖြစ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သတင်းထောက်တွေဟာ မတရားအသင်း ဥပဒေ ပုဒ်မ ၁၇ (၁)မှာ ဖွင့်ဆိုပြဋ္ဌာန်းထားတဲ့ ဥပဒေပါ အချက်အလက်တွေနဲ့ မညီဘူးလို့ ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာ ဒီ ဥပဒေကို ရုပ်သိမ်းပေးဖို့ အဆိုတင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်က ဒီဗွီဘီကို ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013