DVB Logo
Home
မြန်မာသတင်း
နမ့်ဆန်တွင် ပြည်သူ ၁ ဦး မိုင်းနင်းမိ၊ ရက်ပိုင်းအတွင်း မိုင်းနင်းမှု ၄ ကြိမ် ဖြစ်ပွား
DVB
·
October 29, 2018
နမ့်ဆန်တွင် ပြည်သူ ၁ ဦး မိုင်းနင်းမိ၊ ရက်ပိုင်းအတွင်း မိုင်းနင်းမှု ၄ ကြိမ် ဖြစ်ပွား
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ပလောင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ထဲမှာ ဒေသခံပြည်သူ ၁ ဦး  မိုင်းနင်းမိခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့ပြီး ရက်ပိုင်းအတွင်း မိုင်းနင်းမိတာ ၄ ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။

နမ့်ဆန်မြို့အနောက်ဘက် ၁၇ မိုင်အကွာ ကယားကြီးကျေးရွာအုပ်စု ကယားရွာမှာ နေထိုင်သူ ဦးအိုက်လှော် (အသက် ၆၅) နှစ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က သားသမီးတွေကို နမ့်ဆန်မြိ့ပေါ်  ကျောင်းလိုက်ပို့ပေးပြီးအပြန် ကယားရွာနဲ့ မန်ဆာ ရွာကြားမှာ မိုင်းနင်းမိခဲ့တာလို့ ပလောင်ဒေသဦးစီးအဖွဲ့ဝင်လည်းဖြစ် ပလောင်ပါတီလွှတ်တော်ကိုယ်စား လှယ်လည်းဖြစ်တဲ့ ဦးသိန်းဇော်က ဒီဗွီဘီကို ပြောပါတယ်။

“သီတင်းကျွတ်ကျောင်းပိတ်တော့ သူ့ကလေးတွေက ရွာပြန်တယ်၊ အခုကျောင်းပြန်ဖွင့်တော့ ကလေးတွေကို နမ့်ဆန်မြို့ပေါ်လိုက်ပို့ပေးပြီး  လမ်းလျှောက်ပြန်တုန်း မန်ဆာရွာအောက်ဘက်နား မှာ မိုင်းနင်းမိတာ။ သူဖြစ်တာက တမြန်နေ့ည ၈ နာရီလောက်၊ ဖြစ်ဖြစ်ချင်း သူကမေ့လသွားတယ်။ နောက်တော့မှ ရွာကလူတွေရောက်လာပြီး သူ့ကိုတွေ့လို့ နမ့်ဆန်ဆေးရုံကို ခေါ်လာတာ မနေ့မနက်ကမှ ဆေးရုံရောက်လာတယ်။”

ဦးအိုက်လှော်မှာ ခြေထောက်နဲ့ လက်တွေမှာ မိုင်းစထိမှန်ဒဏ်ရာရပြီး အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

နမ့်ဆန်မြို့နယ်ထဲမှာ မိုင်းနင်းမိမှုကြောင့် အောက်တိုဘာလအတွင်း  ၁၈ ရက်နေ့က ဟိုချောင်းရွာမှာ အမျိုးသား ၁ ဦး၊ ၁၉ ရက်နေ့က မန်ကန်ရွာမှာ အမျိုးသား ၁ ဦး၊  ၂၄ ရက်နေ့က နမ့်ဆန်ပန်လုံ သွားလမ်း ဟိုက်တမ်ရွာမှာ အမျိုးသမီး ၁ ဦး မိုင်းထိမိပြီး ဒဏ်ရာတွေရခဲ့ကြောင်း၊ ဒီတခေါက်ပါဆိုရင် ၄ ကြိမ်မြောက်  ဒဏ်ရာရသူ ၄ ဦးရှိသွားပြီလို့ ဦးသိန်းဇော်က ဆက်ပြော ပါတယ်။

ပေါက်ကွဲခဲ့တဲ့ မိုင်းတွေမှာ မြေမြှုပ်မိုင်းအမျိုးအစားတွေဖြစ်ကြောင်း၊ မိုင်းပေါက်ကွဲခဲ့တဲ့ နေရာတွေဟာ တိုက်ပွဲလည်း မရှိလို့ ဘာကြောင့် လာမြှုပ်ထားသလဲဆိုတာ စဉ်းစားမရကြောင်း၊ ဘယ်အဖွဲ့ကပဲဖြစ်ဖြစ်၊ ဘယ်သူပဲလုပ်လုပ် အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အန္တရာယ်ထိခိုက်စေအောင်၊ မသွားရဲ မလာရဲ အလုပ်ပျက်အကိုင်ပျက်ဖြစ်အောင် မိုင်းတွေထောင်မထားဖို့ မေတ္တာရပ်ခံလိုကြောင်း  ဦးသိန်းဇော်က ပြောပါတယ်။

မိုင်းပေါက်ကွဲတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒီမတိုင်ခင်က ဒေသဦးစီးအဖွဲ့နဲ့ တအာင်း လူငယ်အ ဖွဲ့တို့ ပူးပေါင်းကာ မြေမြှုပ်မိုင်းအန္တရာယ်ဆိုင်ရာ  ပညာပေးဟောပြောပွဲတွေ လုပ်ခဲ့သေးကြောင်း၊ အခုလိုဖြစ်သွားရတဲ့အပေါ် စိတ်မကောင်းဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရထံ အစီရင်ခံစာ ပေးပို့ထား သလို ပြည်သူတွေအနေနဲ့လည်း သွားရေးလာရေးသတိထားဖို့၊ မိမိနယ်မြေထဲမှာ မျက်နှာစိမ်းတွေတွေ့ရင် သတိထားဖို့၊ မသင်္ကာစရာတွေတွေ့လျင် သက်ဆိုင်ရာကို အမြန်ဆုံးအကြောင်းကြားဖို့ ပြည်သူတွေကို မှာထားကြောင်း ဦးသိန်းဇော်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013