DVB Logo
Home
မြန်မာသတင်း
နမ့်ဆန်တွင် ၂ ရက်ဆက်တိုက် မိုင်းပေါက်ကွဲ၊ ပြည်သူ ၂ ဦး ဒဏ်ရာရ
DVB
·
October 19, 2018
နမ့်ဆန်တွင် ၂ ရက်ဆက်တိုက် မိုင်းပေါက်ကွဲ၊ ပြည်သူ ၂ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ပလောင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ထဲမှာ အောက်တိုဘာ ၁၈ နဲ့ ၁၉ နှစ်ရက်ဆက်တိုက် မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

နမ့်ဆန်မြို့နဲ့ ၁၃ မိုင်ခန့်အကွာ မန်ကန်ရွာမှာ ဒီကနေ့မနက်က ဇနီးမောင်နှံ ၂ ဦး လက်ဖက်ခြံသွားစဉ် အမျိုးသားဖြစ်သူ မိုင်းနင်းမိပြီး ခြေတဖက် ကြေမွသွားတယ်လို့ ပလောင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဦးသိန်းဇော်က ဒီဗွီဘီကို ပြောပါတယ်။

“ဒဏ်ရာရသူက မန်ကန်ရွာသား ဦးအိုက်မွန်းလို့ခေါ်တယ်၊ အသက် ၅၃ နှစ်။ သူက ညာဘက်ခြေဖနောင့်တွေ အကုန်ပျက်ပြီးတော့မှ ကြေမွကုန်တာခင်ဗျ။ သူ့မိန်းမ ပြောတာတော့ လက်ဖက်ခြံသွားတာ သူ့ယောကျာ်းက ရှေ့က အရင်သွားတယ်၊ သူက ကိုက် ၂၀ လောက်ကနေ လိုက်သွားတယ်၊ အရှေ့မှာ ပေါက်ကွဲသံကြားတော့ သူ့မိန်းမက အဝေးကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်လို့ ထင်တယ်တဲ့၊ ပေါက်ကွဲတဲ့အချိန်မှာ သူ့အမျိုးသားက လဲကျသွားပြီး အော်တယ်၊ သေပါပြီဗျာ ဆိုပြီးတော့၊ သူ့မိန်းမကလည်း ရှေ့ဆက်မသွားရဲတော့ဘူး၊ နောက်ထပ် အပစ်ခံရမှာကြောက်လို့၊ အဲဒါ ရွာကိုပြန်လာပြီး အုပ်ချုပ်ရေးမှူးတွေ၊ လူကြီးတွေကိုပြောတော့ လူမှုကူညီရေးအဖွဲ့ကားနဲ့ ဆေးရုံကို သွားသယ်လာကြတယ်ခင်ဗျ။”

အလားတူ မနေ့ညနေပိုင်းကလည်း နမ့်ဆန်မြို့နယ် ဟိုချောင်းကျေးရွာက လူငယ်တဦး  ခြံကနေ ဆိုင်ကယ်နဲ့ပြန်လာပြီး လမ်းမကြီးပေါ်အတက် မိုင်းနင်းမိလို့ ဒဏ်ရာရခဲ့သလို ဆိုင်ကယ်လည်း ပျက်စီးသွားတယ်လို့ ဦးသိန်းဇော်က ဆက်ပြောပါတယ်။

“မနေ့ည မိုးချုပ်ခါနီးပေါ့၊ နမ့်ဆန်-မိုင်းငေါ့သွားလမ်း မိုင်တိုင်အမှတ် ၇၄/၀ နားမှာ လူငယ်တယောက် ခြံကပြန်လာပြီး မိုင်းနင်းမိတာ၊ သူ့နာမည်က ကိုအငယ်၊ အသက်က ၂၃ နှစ်ပဲ ရှိသေးတယ်၊ ဆိုင်ကယ်လည်းပျက်စီး လူလည်း ဒဏ်ရာရသွားတယ်။ ခြေထောက်နဲ့ ကိုယ်တွေမှာ မိုင်းစတွေမှန်သွားတာ။ လူမှုကူညီရေးအဖွဲ့က နမ့်ဆန်ပြည်သူ့ဆေးရုံကို ခေါ်လာတယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။”

နမ့်ဆန်မှာ ပြီးခဲ့တဲ့အပတ်က မိုးရွာပြီး မြေပြိုမှုတွေဖြစ်ပွားလို့ အဲဒီပြဿနာတွေ ရှင်းလို့မပြီးခင် ဒေသခံတွေ မိုင်းနင်းမိတဲ့ ပြဿနာပါ ထပ်ဖြစ်လာတဲ့အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ နှောင့်နှေးပြီး ရှေ့ဆက်မသွားနိုင်ဖြစ်နေရတယ်လို့ ဆိုပါတယ်။

မနေ့မနက်ကလည်း နမ့်ဆန်မြို့အနောက်ဘက်မှာ စစ်ကြောင်းတခုက ရွာသား ၁၀ ဦးကို ပေါ်တာဆွဲပြီး လမ်းပြလုပ်ခိုင်းတယ်လို့ ရွာသားတွေက လာတိုင်ထားကြောင်း၊  လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ရွာသားတွေ အေးချမ်းစွာနေထိုင်တဲ့ ဘ၀ကို မထိခိုက်စေဖို့ မေတ္တာရပ်ခံကြောင်း၊ ပြည်သူတွေ ဖြတ်သန်းသွားလာ လုပ်ကိုင်စားသောက်နေတဲ့ နေရာတွေမှာလည်း မိုင်းတွေမြှုပ်မထားဖို့ မေတ္တာရပ်ခံလိုကြောင်း ဦးသိန်းဇော်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013