ဒေါ်အောင်ဆန်းစုကြည်၏ စားဖိုမှူး ဦးမြင့်စိုး (ခ) ဖိုးလေး ကွယ်လွန်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မှာ နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရတဲ့ ကာလတွေအတွင်း ၁၅ နှစ်ကြာ စားဖိုမှူးတာဝန်ယူခဲ့သူ ဦးမြင့်စိုး (ခ) ဖိုးလေးက နိုဝင်ဘာ ၂၇ ရက် ဒီနေ့မနက် ၆ နာရီခွဲလောက်မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်၊
ဦးမြင့်စိုးဟာ ကွယ်လွန်ချိန်မှာအသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဦးနှောက်သွေးခဲဝေဒနာ ခံစား နေရကာ ရန်ကုန်မြို့ရှိ ဆရာမကြီးဒေါ်သန်းမြင့်အောင်ရဲ့ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာမှာ စောင့်ရှောက်မှုခံယူနေစဉ်အချိန်မှာပဲ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်၊
ဦးမြင့်စိုးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တယောက်ဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရကာ ပြန်လည်လွတ်မြောက်လာပြီးနောက် ၁၉၉၅ ခုနှစ်မှစတင်ကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အစားအသောက်တွေ စီစဉ်ချက်ပြုတ်ပေးခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။
ဦးမြင့်စိုးနဲ့ ရင်းနှီးသူတယောက်က "ဖိုးလေးက တကယ်ကို စိတ်ရင်းကောင်းပြီး အန်တီစုအပေါ် ဂရုစိုက်ပေးတဲ့ တကယ့်သစ္စာရှိသူကြီးပေါ့။ အန်တီစုအတွက် ချက်ပြုတ်ပေးတဲ့နေရာမှာ အန်တီ အတွက် ဘယ်အရာက ကျန်းမာရေးနဲ့ညီညွတ်တယ်၊ အန်တီက ဘယ်လိုအရသာလေးတွေ ကြိုက်နှစ်သက်တယ်ကအစအသေးစိတ် စီမံပေးတဲ့သူ။ တခါတလေ သူ့ကို မောင်ထော်လေးလမ်း ဘက်မှာတွေ့တယ်။ အန်တီစုက မောင်ထော်လေးလမ်းထိပ်က မိသားစု အိန္ဒိယ မုန့်ဆိုင်က စာကလေးခွေလိုမျိုး အထုပ်ကလေးတွေ၊ အချိုမုန့်လေးတွေမှာရင် ဝယ်ဝယ်ပေးတယ်လို့ သူက ပြောဖူးတယ်။ တကယ်ကို တာဝန်ကျေသူကြီးတယောက်ပါဗျာ" လို့ DVB ကိုပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကာလအတွင်းမှာတော့ လုံခြုံရေးအခြေအနေတွေ ကြောင့် လျှို့ဝှက်မီးဖိုချောင်တခုမှာ ချက်ပြုတ်ပြီး ခြံအမှတ် ၅၄ ကို နေ့စဉ် အစားအသောက်တွေ ပို့ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
စာရေးဆရာ မိုဃ်းလင်း ကလောင်အမည်နဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ် ဖြတ်သန်း ခဲ့ရတဲ့ အတွေ့အကြုံတွေကို စာအုပ်ရေးသားထုတ်ဝေခဲ့ဖူးပါတယ်။
သူ့ရဲ့နာရေးကိုတော့ ဒီကနေ့ ၂၇ ရက် မနက်ပိုင်းမှာပဲ မီးသင်္ဂြိုလ်ပြီးစီးခဲ့ကြောင်း နာရေးကူညီမှု အသင်း- ရန်ကုန်က ထုတ်ပြန်ထားပါတယ်။











