
ပညာရေးအားနည်းချက်တွေကြောင့် အသိပညာနည်းပါးပြီး ၂၀၂၀ ရွေးကောက်ပွဲလို နိုင်ငံရေး ပြဿနာတွေ ဖြစ်ပေါ်လာတာလို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ဝေဖန်လိုက်ပါတယ်။
စစ်အာဏာရှင်အစိုးရသစ်ရဲ့ ရက်ပေါင်း ၁၀၀ အတွင်းပြုလုပ်မဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး ဧပြီ ၂၀ ရက်က နေပြည်တော်ရှိ သမ္မတရုံးမှာလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
PDF တွေ ပေါ်ပေါက်လာတာဟာလည်း ပညာရေးအားနည်းချက်ကို အသုံးချပြီး ပြည်တွင်းပြည်ပ နိုင်ငံရေးသမားတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်တယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က စွပ်စွဲပြောဆိုပါတယ်။
ပညာရေးအားနည်းမှုကြောင့် အသိပညာအားနည်းမှုတွေ ဖြစ်ပေါ်လာတဲ့အခါ နိုင်ငံရေးပြဿနာတွေ ဖြစ်ပေါ်လာတာကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ တွေ့ရှိနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ PDFတွေ ပေါ်ပေါက်လာခဲ့ပြီး ရွေးကောက်ပွဲရလဒ်အပေါ်ကျေနပ်မှုမရှိဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတာဖြစ်ကြောင်း၊ နိုင်ငံရဲ့ ပညာရေး အားနည်းချက်ကိုအသုံးချပြီး ပြည်တွင်း၊ ပြည်ပက နိုင်ငံရေးသမားတွေက သွေးထိုးလှုံ့ဆော် အသုံးချခဲ့တာဖြစ်ကြောင်း၊ ဒါ့ကြောင့် နိုင်ငံရဲ့ ပညာရေး ကဏ္ဍကို မြှင့်တင်ဖို့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ စိတ်နေစိတ်ထား(Mind Set) ကို မြင့်မားလာအောင် ဆောင်ရွက်သွားဖို့ လိုတယ်လို့ စစ်အာဏာရှင်က ပြောပါတယ်။
ပညာရေးကို မြှင့်တင်ရမှာဖြစ်ပြီး လာမဲ့ ဘဏ္ဍာရေးနှစ်မှာ ၁၀ ရာခိုင်နှုန်းကနေ စတင်ကာ အဆင့်ဆင့် တိုးမြှင့်သုံးစွဲသွားမယ်၊ ၅ နှစ်သက်တမ်းအတွင်း ပညာရေးကဏ္ဍမှာ နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲသွားမယ်လို့လည်း အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် အခြေခံပညာကျောင်းတွေမှာ KG+9 အထိ မသင်မနေရစနစ်ကို ကျင့်သုံးပြီး လူငယ်တွေ အကျင့်စာရိတ္တ ကောင်းမွန်စေဖို့ ပြည်သူ့နီတိဘာသာရပ်ကို ထည့်သွင်းသင်ကြားသွားမယ်လို့လည်း ပြောပါတယ်။
ပညာရေးကို မြှင့်တင်မယ်လို့ စစ်အာဏာရှင်က ပြောနေပေမဲ့ တဖက်မှာလည်း စာသင်ကျောင်းတွေ ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ မီးရှို့ဖျက်ဆီးတာတွေကို သူ့ရဲ့ စစ်တပ်က တစိုက်မတ်မတ် လုပ်ဆောင်နေပါတယ်။
ဒါ့အပြင် ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေကို ဖမ်းဆီးထောင်ချတာ၊ လူငယ်လူရွယ်တွေကို ပညာရေးသင်ယူခွင့်ဆုံးရှုံးအောင် အဓမ္မစစ်မှုထမ်းစေခိုင်းတာတွေ၊ ရှေ့တန်းကို အတင်းအကျပ်ပို့ ဆောင်ပြီး လူသားဒိုင်းအဖြစ် စစ်ပွဲတွေမှာ ခိုင်းစေတာ၊ ကလေးစစ်သား အသုံးပြုတာတွေကိုလည်း အာဏာသိမ်းထားတဲ့ကာလမှာရော အခုလက်ရှိအချိန်မှာပါ တောက်လျောက်လုပ်ဆောင် နေတာ ဖြစ်ပါတယ်။










