
ကရင်ပြည်နယ်၊ မင်းလက်ပံရွာမှာရှိတဲ့ Shunda Park မှာ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း တခု ကို စီမံခန့်ခွဲလုပ်ကိုင်ခဲ့မှုနဲ့ တရုတ်နိုင်ငံသား ၂ ယောက်ကို အမေရိကန်က တရားစွဲလိုက်တယ်လို့ AP သတင်းမှာ ဖော်ပြပါတယ်။
ဟွမ်ရှင်းရှန်နဲ့ ကျန်းဝန်ကျယ်လို့ အမည်ရတဲ့ တရုတ်နိုင်ငံသား ၂ ယောက်ကို အမေရိကန် ပြည်ထောင်စုမြို့တော် ဝါရှင်တန်ဒီစီရှိ တရားရုံးက အွန်လိုင်းလိမ်လည်မှုနဲ့ စွဲချက်တင်လိုက်တာလို့ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ တရားရုံးမှတ်တမ်းမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံသား ၂ ယောက်ဟာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ မြန်မာစစ်တပ်က ဝင်ရောက် စီးနင်း သိမ်းဆည်းတာ မလုပ်ခံအထိ မင်းလက်ပံရွာမှာ စက်မှုလုပ်ငန်းကြီးသဖွယ် လည်ပတ် လုပ်ကိုင်နေတဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းကို စီမံခန့်ခွဲခဲ့သူတွေ လို့ စွပ်စွဲခံထားရပါတယ်။
အမေရိကန် ဖယ်ဒရယ်စုံစမ်းထောက်လှမ်းရေးဗျူရို (FBI) ရဲ့ ကျမ်းကျိန်လွှာအရ လိမ်လည်သူတွေ ဟာ ဥပဒေစိုးမိုးရေး ဒါမှမဟုတ် ဘဏ်အရာရှိတွေအဖြစ် ဟန်ဆောင်ပြီး တရားဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအဖြစ် အယောင်ဆောင်ထားတဲ့ ဝက်ဘ်ဆိုက်တုတွေကို အသုံးပြုကာ ကမ္ဘာတဝန်းက သားကောင်တွေကို ခရစ်တိုငွေကြေး ပေးပို့ခိုင်းပြီး လိမ်လည်ခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန်ရှေ့နေ ဂျင်းနင်း ပီရိုက Shunda Park မှာကျူးလွန်ခဲ့တဲ့ လိမ်လည်မှုအမျိုးအစားဟာ အလျင်အမြန် ကြီးထွားလာနေပြီး ငွေကြေးအရ အဆုံးရှုံးအများဆုံး ဆိုက်ဘာရာဇဝတ်မှုတွေထဲမှာ ပါဝင်တယ်လို့ ဝါရှင်တန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာပြောပါတယ်။
ဒီလိမ်လည်မှုတွေကြောင့် အမေရိကန်ပြည်သူတွေ ဒေါ်လာဘီလီယံနဲ့ချီပြီး ဆုံးရှုံးခဲ့ရတယ်လို့ သူက ဆိုပါတယ်။
ဂျင်းနင်းပီရိုက “ဒါက မမြင်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါဟာ ခင်ဗျားတို့ရဲ့ အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေနဲ့ မိဘတွေရဲ့ ပင်စင်ငွေစာရင်းတွေကို ထိခိုက်နေတာပါ။ ဒီသားကောင်တွေထဲက တချို့ဟာ အရမ်းကို စိတ်ထိခိုက်ကြေကွဲရလွန်းလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့အထိ ဖြစ်ခဲ့ ရပါတယ်။ ဒါဟာ စီးပွားရေးဆိုင်ရာ လူသတ်မှုပါပဲ”လို့ ပြောပါတယ်။
ဒါ့အပြင် သူက "ဒီရာဇဝတ်ကောင်တွေက သူတို့ဟာ နိုင်ငံရပ်ခြားမှာရှိနေလို့ ထိတွေ့လို့မရဘူးလို့ ထင်နေကြပါတယ်။ ဒီနေ့မှာတော့ သူတို့ မှားကြောင်း ကျမတို့ သက်သေပြနေပါတယ်။ ဒါက အစပဲ ရှိပါသေးတယ်” လို့ ဆက်ပြောခဲ့ပါတယ်။
ဝါရှင်တန်မှာ စွဲချက်တင်ခံထားရတဲ့ တရုတ်နိုင်ငံသား ၂ ယောက်စလုံးဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှုနဲ့ အစိုးရရဲ့ ထိန်းသိမ်းခြင်းကို ခံထားရတယ်လို့ တရားရုံးစာရွက်စာတမ်း တွေမှာ ဖော်ပြထားပါတယ်။
သူတို့ဟာ ကမ္ဘောဒီးယားနိုင်ငံက တခြားလိမ်လည်မှုလုပ်ငန်းတခုဆီကို ပြောင်းရွှေ့ခဲ့ပေမဲ့ ဒီနှစ် အစောပိုင်းမှာ ထိုင်းအာဏာပိုင်တွေက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
သူတို့ကို တရားစွဲဆိုဖို့ အမေရိကန်ကို ဘယ်အချိန်မှာ ခေါ်ဆောင်သွားနိုင်မလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကျားဖြန့် အလုပ်သမားတွကတော့ သူတို့ရဲ့ သဘောဆန္ဒမပါဘဲ အကြမ်းဖက်ခြိမ်းခြောက်မှုတွေ အောက်မှာ လိမ်လည်မှုတွေမှာ ပါဝင်ဖို့ အတင်းအကျပ်ခိုင်းစေခံခဲ့ရတယ်လို့ FBI ကို ပြောပါတယ်။
ရာဇဝတ်ဂိုဏ်းတွေဟာ လစာကောင်းတဲ့ နည်းပညာအလုပ်တွေ ကမ်းလှမ်းပြီး လူတွေကို ထိုင်းနိုင်ငံ ကို ဖျားယောင်းခေါ်ဆောင်ကာ သူတို့ရဲ့ မှတ်ပုံတင်စာရွက်စာတမ်းတွေကို သိမ်းဆည်းပြီး လိမ်လည်မှု လုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ လူကုန်ကူးလေ့ရှိတယ်လို့ FBI ရဲ့ ကျမ်းကျိန်လွှာမှာ ဖော်ပြ ထားပါတယ်။
ကရင်ပြည်နယ်မှာ အခြေစိုက်ပြီး အမေရိကန်နိုင်ငံသားတွေကို အဓိကထား လိမ်လည်နေတဲ့ 'ထိုက်ချန်း' အွန်လိုင်းငွေလိမ်ဂိုဏ်းက ငွေကြေးတွေကို သိမ်းဆည်းနိုင်ဖို့ သတင်းပေးနိုင်သူကို အမေရိကန် ဒေါ်လာ ၁၀ သန်းအထိ ဆုငွေချီးမြှင့်မယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က ဧပြီ ၂၃ ရက်မှာ ကြေညာထားပါတယ်။
Source: AP










