
ပြည်တွင်းမှာ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ ၃ ဆကနေ ၄ ဆအထိ အဆမတန် မြင့်တက် နေတာကို ကိန်းဂဏန်းတွေနဲ့ မဟုတ်ဘဲ လက်တွေ့ကျကျ ဖြေရှင်းပေးဖို့ လွှတ်တော် ကိုယ်စားလှယ် တယောက် စစ်အာဏာရှင်ရဲ့ ပြည်သူ့လွှတ်တော်မှာ မေးခွန်းထုတ် တောင်းဆိုလိုက်ပါတယ်။
ဒါပေမဲ့ စစ်အာဏာရှင်အစိုးရဘက်ကတော့ လက်တွေ့ကျကျ ချက်ချင်းဆောင်ရွက်မဲ့ အစီအမံတွေ ထက် စားသုံးသူဈေးဆနှုန်း (CPI) စာရင်းဇယားတွေ၊ သတ်မှတ်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ ကော်မတီတွေရဲ့ လုပ်ငန်းစဉ်တွေကိုသာ ပြန်လည်ရှင်းလင်း ဖြေကြားသွားခဲ့ပါတယ်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မဲဆန္ဒနယ်က စစ်အာဏာရှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အောက်ခြေလက်လုပ်လက်စားတွေနဲ့ ပုံသေလစာစား ဝန်ထမ်းတွေ အလွန်အမင်း အကျပ်ရိုက်နေပြီး၊ မသမာတဲ့ ငွေရှာမှုတွေကြောင့် ဒုစရိုက်မှုတွေပါ ထူပြောလာနေတယ်လို့ လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်းနဲ့ ထောက်ပြခဲ့ပါတယ်။
ဦးနေဝင်းက ပေါ်ဆန်းမွှေးတပြည် ၉,၀၀၀၊ ရိုးရိုးဆန် ၄,၀၀၀၊ စားအုန်းဆီ တပိဿာ ၁၇,၀၀၀၊ မြေပဲဆီ ၂၈,၀၀၀ ကနေ အာလူး တပိဿာ ၆,၀၀၀ အထိကို ပုံမှန်ထက် ၃ ဆ၊ ၄ ဆလောက် မြင့်တက်နေပါတယ်။ လမ်းခရီးတလျှောက် စစ်ဆေးရေးဂိတ်တွေ များတာ၊ လောင်စာဆီ ရှားပါးပြီး ဈေးကြီးတာတွေအပြင် ဝိသမလောဘသားတွေရဲ့ ဈေးကစားမှုတွေကြောင့် အခုလို ဖြစ်နေရတာပါ" လို့ လွှတ်တော်မှာ ပြောကြားပါတယ်။
ဒီမေးခွန်းနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်ခန့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြန်လည်ဖြေကြားရာမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို စစ်အာဏာရှင်အစိုးရက စားသုံးသူဈေးဆနှုန်း (CPI) နဲ့ တွက်ချက်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ ဆန်စပါးနဲ့ စားအုန်းဆီ ဈေးနှုန်းတွေအတွက် အခြေခံရည်ညွှန်းဈေးနှုန်းတွေ သတ်မှတ်ပေးထားပြီး၊ သတ်မှတ်ဈေးနဲ့ မရောင်းရင် အရေးယူမှုတွေ လုပ်နေကြောင်းကိုသာ ရှင်းလင်းသွားပါတယ်။
ဒုဝန်ကြီးရဲ့ ဖြေကြားချက်အပေါ် လွှတ်တော်ကိုယ်စားလှယ်က အားမရဘဲ အောက်ခြေပြည်သူတွေ လိုလားတာက အဲဒီလို စီမံကိန်းတွေမဟုတ်ဘဲ လက်တွေ့ ဈေးနှုန်းကျဆင်းရေးသာဖြစ်တယ်လို့ ဆက်လက်ထောက်ပြခဲ့ပါတယ်။
စစ်အာဏာရှင်အစိုးရအနေနဲ့ ရပ်နားထားတဲ့ ရထားတွေ၊ သင်္ဘောတွေသုံးပြီး ရှမ်းပြည်နယ်လို နေရာမျိုးကထွက်တဲ့ ကုန်စည်တွေကို ကြားပွဲစားမပါဘဲ သယ်ယူဖြန့်ဖြူးပေးမယ်ဆိုရင် ကုန်ဈေးနှုန်း ကျဆင်းရေးကို တိုက်ရိုက် ဖြေရှင်းနိုင်မယ်လို့ သူက ဖြည့်စွက် အကြံပြုခဲ့ပါတယ်။
ဒီလို ထပ်မံတိုက်တွန်းမှုအပေါ် ဒုဝန်ကြီးက ကုန်ဈေးနှုန်းကျဆင်းရေးဟာ ကုန်စည်စီးဆင်းမှု (Supply Chain) တခုလုံးနဲ့ သက်ဆိုင်လို့ ဝန်ကြီးဌာနပေါင်းစုံ၊ ပုဂ္ဂလိက အသင်းအဖွဲ့တွေနဲ့ပါ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့သာ ယေဘုယျ ပြန်လည်ဖြေကြားခဲ့ပါတယ်။
လွှတ်တော်ထဲမှာ စစ်အာဏာရှင်အစိုးရဘက်က အခုလို စာရင်းဇယားတွေ၊ လုပ်ငန်းစဉ်တွေနဲ့သာ တုံ့ပြန်ဖြေကြားနေချိန်မှာပဲ စစ်အာဏာရှင် မင်းအောင်လှိုင်ကလည်း ကုန်ဈေးနှုန်းကြီးမြင့်တာဟာ ထုတ်လုပ်မှုနဲ့ သုံးစွဲမှု မမျှတတာ၊ ကုန်ကျစရိတ် ကြီးမြင့်တာတွေကြောင့်ဖြစ်တယ်လို့ ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုထားပါတယ်။
ဒါ့အပြင် ပြည်ပကနေ စားအုန်းဆီတင်သွင်းရလို့ နိုင်ငံခြားငွေ သုံးစွဲနေရတာကို လျှော့ချနိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ ဆီစားသုံးမှုကို လျှော့ချကြဖို့နဲ့ ဆီအလွန်အကျွံစားရင် ကျန်းမာရေး ထိခိုက် နိုင်တယ်လို့လည်း သူက ထည့်သွင်းပြောဆိုသွားပါတယ်။
လက်ရှိမှာတော့ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ၊ သွင်းကုန်ကန့်သတ်ချက်တွေနဲ့ ငွေကြေး ဖောင်းပွမှုတွေကြောင့် ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေချိန်မှာ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေနဲ့ သတ်မှတ်ရည်ညွှန်းဈေးတွေဟာ စာရွက်ပေါ်မှာသာ ရှိနေပြီး ပြည်သူတွေကတော့ ပြင်ပပေါက်ဈေးနဲ့သာ နေ့စဉ် အခက်အခဲကြီးစွာ ရုန်းကန် ဝယ်ယူစားသောက်နေရဆဲ ဖြစ်ပါတယ်။











