
ထိုင်းနိုင်ငံမှာ ရန်ပုံငွေ အကျပ်အတည်း လျော့ပါးစေဖို့ ဒီဇယ်လောင်စာဆီဈေးကို မတ် ၂၄ ရက်ကစ တလီတာကို ၃၃ ဘတ်ထိ မြှင့်တင်သွားဖို့ရှိနေတဲ့အကြောင်း Khaosod English သတင်းမှာ ဖော်ပြပါတယ်။
ဒါဟာ ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေ အရှိန်အဟုန်နဲ့ မြင့်တက်လာပြီးနောက် နိုင်ငံတော် လောင်စာဆီ ရန်ပုံငွေအပေါ် ကျရောက်နေတဲ့ ဖိအားတွေ လျှော့ချနိုင်ဖို့ လုပ်ဆောင်တာလို့ ဆိုပါတယ်။
လောင်စာဆီ ရန်ပုံငွေရုံး မူဝါဒနှင့် စီမံကိန်းရေးဆွဲရေးဌာန ညွှန်ကြားရေးမှူး ပွန်ချိုင် ဂျီရာကူလ်ပီဆန်က လောင်စာဆီ ရန်ပုံငွေ စီမံခန့်ခွဲရေး ကော်မတီအနေနဲ့ ဒီဇယ် ဈေးနှုန်းအတွက် အစိုးရက စိုက်ထုတ်ကျခံပေးနေတဲ့ ထောက်ပံ့ကြေးကို လျှော့ချဖို့ အတည်ပြုခဲ့ပြီး အဲဒီလို လျှော့ချလိုက်တာကြောင့် ဆီဆိုင်တွေက လက်လီဈေးနှုန်းကို သတ်မှတ်ချက်အသစ်အတိုင်း ၃၃ ဘတ်ထိ မြှင့်တင်လိုက်တာလို့ ပြောပါတယ်။
အဆိုပါ ဆုံးဖြတ်ချက်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ မြင့်တက်လာတာ၊ အထူးသဖြင့် အီရန်နဲ့ ပတ်သက်တဲ့ တိုက်ခိုက်မှုပဋိပက္ခတွေကြောင့် စင်ကာပူဈေးကွက်မှာ ဒီဇယ်ဈေးနှုန်း တစည်ကို အမေရိကန်ဒေါ်လာ ၉၂ ဝန်းကျင်က နေ ၂၂၃ ဒေါ်လာအထိ သိသိသာသာ ထိုးတက်သွားခဲ့ပြီးနောက်မှာ ထွက်ပေါ်လာခဲ့တာပါ။
အဲဒီလို ဈေးနှုန်းမြင့်တက်မှုက ဒီဇယ် ၁ လီတာကို ကုန်ကျစရိတ် ၂၆ ဘတ်နီးပါး တိုးလာတာနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။
နောက်ဆက်တွဲရလဒ်အနေနဲ့ ထိုင်းနိုင်ငံ လောင်စာဆီ ရန်ပုံငွေအဖွဲ့က တရက်ကို ဘတ် ၂ ဒသမ ၄ ဘီလီယံနီးပါးနဲ့ တလကို ဘတ် ၇၀ ဘီလီယံလောက် စိုက်ထုတ် ကျခံနေရတာကြောင့် ရန်ပုံငွေ စီးဆင်းမှုကို ထိန်းသိမ်းဖို့နဲ့ ရေရှည်ဈေးနှုန်း တည်ငြိမ်စေဖို့အတွက် အရေးပေါ် အစီအမံတွေ လုပ်ဆောင်ရတာလို့ သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ဆီမှောင်ခိုကူးမှုနဲ့ သိုလှောင်မှုတွေကို တားဆီးဖို့၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဈေးနှုန်းကွာဟချက် ကျဉ်းမြောင်းစေဖို့လည်း ရည်ရွယ်ကြောင်း တာဝန်ရှိသူတွေက ပြောလိုက်တာပါ။
ဥပမာအားဖြင့်ဆိုရင် မလေးရှားနိုင်ငံဟာ ပြီးခဲ့တဲ့ မတ် ၁၆ ရက်ကတည်းက စတင်ပြီးတော့ ဒီဇယ်ဈေးကို တလီတာ ၃၈ ဒသမ ၇၀ ဘတ်ဝန်းကျင်အထိ မြှင့်တင်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်တွင်းဈေးနှုန်းကို ဒေသတွင်းဈေးနှုန်းထက် သိသိသာသာ လျှော့ချထားတာက တရားမဝင် ပြည်ပတင်ပို့မှုနဲ့ အမြတ်ထုတ်မှုတွေကို အားပေးသလို ဖြစ်စေနိုင်ပြီး အရင်းအမြစ်တွေ ယိုစိမ့်ဆုံးရှုံးမှုကို ဖြစ်စေနိုင်ကြောင်းလည််း ထိုင်းအာဏာပိုင်တွေက သတိပေးထားပါတယ်။
ဒါ့အပြင် အခုလုပ်ဆောင်ချက်က ရန်ပုံငွေ ဘဏ္ဍာရေး တည်ငြိမ်မှုနဲ့ အမျိုးသား စွမ်းအင်လုံခြုံရေးကို ဟန်ချက်ညီစေဖို့ လိုအပ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ပြည်သူလူထုအပေါ် သက်ရောက်မှုတွေကို လျှော့ချနိုင်ဖို့အတွက်လည်း သက်ဆိုင်ရာ အေဂျင်စီတွေနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။










