DVB Logo
Home
မြန်မာသတင်း
ထရမ့်ပ်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပိတ်ပင်ချက်များကို ခရိုင်တရားရုံးက ပယ်ဖျက်
DVB
·
June 6, 2026
ခရိုင်တရားသူကြီး ဂျွန်မက်ကော်နယ်လ် (Photo : United State District Court, District of Rhode Island)
ခရိုင်တရားသူကြီး ဂျွန်မက်ကော်နယ်လ် (Photo : United State District Court, District of Rhode Island)
Donate to DVB

ထရမ့်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပိတ်ပင်ချက်တွေကို ရိုဒ်အိုင်းလန်းပြည်နယ်၊ ပရိုဗီဒန့်စ် မြို့ ခရိုင်တရားရုံးက ပယ်ဖျက်ကြောင်း အမိန့်ချလိုက်တာက အမေရိကန်ရောက် မြန်မာတွေ အပေါ်  ဘယ်လို သက်ရောက်မှုတွေရှိလာနိုင်ပါသလဲ။

ခရိုင်တရားသူကြီးချုပ် ဂျွန်မက်ကော်နယ်လ်က ထရမ့်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပိတ်ပင်ချက်တွေကို ပယ်ဖျက်ကြောင်း ဒေသစံတော်ချိန် ဇွန် ၅ ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ မြန်မာအပါအဝင် ၃၉ နိုင်ငံက လူတွေကို နိုင်ငံရေး ခိုလှုံခွင့် (Asylum)၊ အလုပ်လုပ်ခွင့် (Work Permit) နဲ့ အမြဲတမ်းနေထိုင်ခွင့် (Green Card) လျှောက်ထားတဲ့လုပ်ငန်းတွေကို ထရမ့်အစိုးရက ရပ်ဆိုင်းထားတဲ့ မူဝါဒဟာ ဥပဒေနဲ့ မညီတဲ့ အတွက် တရားမဝင်ဘူးလို့ တရားသူကြီးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

တရားရုံးဆုံးဖြတ်ချက်ကြောင့် နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားဆဲ မြန်မာတွေရဲ့လျှောက်လွှာတွေ အမေရိကန်လူဝင်မှုကြီးကြပ်ရေး USCIS ရဲ့ စစ်ဆေးမှုတွေရဖို့ လမ်းစပြန်ပေါ်လာတာပါ။

ဒါပေမဲ့ အမိမြေလုံခြုံရေးဝန်ကြီးဌာန DHS က ရက်ပေါင်း ၆၀ အတွင်း အယူခံ ပြန်ဝင်ခွင့် ရှိတဲ့ အတွက် အခြေအနေကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့က ခင်သီရိနန္ဒာစိုးက “အမေရိကန်ပြည်ထောင်စု၊ ရိုဒ်အိုင်းလန်းပြည်နယ်၊ ပရိုဗီဒန့်စ်မြို့၊ ခရိုင်တရားသူကြီးချုပ် ဂျွန်မက်ကော်နယ်လ်ရဲ့ စီရင်ချက် ဟာဆိုရင် မြန်မာနိုင်ငံသားတွေကို ဆိုင်းငံ့ထားတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လျှောက်လွှာတွေ ကို ပြန်ပြီးစိစစ်ဆောင်ရွက်ပေးဖို့ လမ်းပွင့်သွားပြီဖြစ်တယ်၊ ဒါပေမဲ့လည်း ကိစ္စရပ်တိုင်းကို ချက်ချင်းအတည်ပြုပေးမယ်လို့ အာမတော့မခံသေးဘူးပေါ့၊ USCIS က ဆိုင်းငံ့ထားတဲ့ နိုင်ငံရေး ခိုလှုံခွင့်တွေ၊ အလုပ်လုပ်ကိုင်ခွင့်ကတ်ပြားတွေ၊ အမြဲတမ်းနေထိုင်ခွင့် Green Card နဲ့ နိုင်ငံသား ဖြစ်ခွင့် လျှောက်လွှာတွေနဲ့ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်တွေကို ပြန်ရနိုင်မှာဖြစ်တယ်၊ USCIS ကို လျှောက်လွှာတွေကို ဆက်လက်စိစစ်ဖို့အတွက် ဖိအားပေးလိုက်တာဖြစ်တယ်၊ DHS က ဒီဆုံးဖြတ်ချက်အပေါ်မှာ အယူခံဝင်ဖို့ သေချာသလောက်ရှိတယ်” လို့ ပြောပါတယ်။

တရားရုံးဆုံးဖြတ်ချက်မှာ အစိုးရက အုပ်ချုပ်ရေးအာဏာကို အလွန်အကျွံသုံးပြီး အမျိုးသား လုံခြုံရေးအကြောင်းပြချက်နဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ရပိုင်ခွင့်တွေကို ထိန်းချုပ်ဖို့ ကြိုးစားတာ ဖြစ်တယ်လို့ဖော်ပြပါတယ်။

အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးပေါ်လစီဟာ လုံခြုံရေးကိုအကြောင်းပြပြီးမှ ခွဲခြားဆက်ဆံလိုတဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားတယ်လို့ သတ်မှတ်ကြောင်းနဲ့ အစိုးရက လုပ်ပိုင်ခွင့်ကို ကျော်ပြီး လုပ်ဆောင်ခဲ့တာကို တရားရုံးက ဥပဒေပြဋ္ဌာန်းချက်တွေ မြင်သာအောင်ပြပြီးမှ ဆုံးဖြတ်ချက် ချခဲ့တာလို့လည်း ဆိုပါတယ်။

ဒီစီဧရိယာ ချင်းကွန်မြူနတီ ဥက္ကဋ္ဌ ဒေါင်ခုပ် က “ထရမ့်ရဲ့အစိုးရက ရပ်သွားမလားဆို ရပ်မသွားပါဘူး၊ သမ္မတကြီးထရမ့်ကတော့ ပြီးခဲ့တဲ့အချိန်တွေမှာလည်း ဒီလိုအခြေအနေမျိုးတွေ ကြုံခဲ့ဖူးတယ်၊ ဖက်ဒရယ်တရားရုံးကနေပြီးတော့မှ ပယ်ဖျက်လိုက်တဲ့ဟာမျိုးတွေရှိတယ်၊ ဒါပေမဲ့ သူက ပြန်အယူခံတယ်၊ ပြန်ပြီးအနိုင်ရတာမျိုးတွေလည်းရှိတယ်ဆိုတော့ မျှော်လင့်ချက်တခု ရှိပေမဲ့ လုံးလုံးကြီးတော့ စိတ်ချလို့တော့မရသေးဘူး။ စောင့်ကြည့်ရမယ့်အခြေအနေရှိပါတယ်။ ခိုလှုံခွင့်တောင်းထားတဲ့ မြန်မာလူမျိုးတွေအတွက်ကတော့ မျှော်လင့်ချက် ပြန်ပြီးရှိလာတယ်။ အခုဆိုရင် မြန်မာလူမျိုးတွေ ရာနဲ့ချီပြီးတော့မှ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတဲ့သူတွေရှိတယ်။ စိုးရိမ်ချက်တွေလည်း အများကြီးရှိတဲ့အချိန်ကာလမှာ ဒီဟာလေးကတော့ သတင်းကောင်းတခု ဖြစ်ပါတယ်။ အထူးသဖြင့် ကျနော်တို့မြန်မာလူမျိုးတွေကတော့ ကျနော်တို့နိုင်ငံမှာ တကယ့်ကို ရက်စက်ယုတ်မာတဲ့ မင်းဆိုးမင်းညစ် အုပ်ချုပ်နေတဲ့အချိန်ပေါ့နော်။ နိုင်ငံရေးခိုလှုံခွင့်ကတော့ မြန်မာလူမျိုးတွေအတွက် အလိုအပ်ဆုံး အထိုက်တန်ဆုံးဖြစ်ပါတယ်” လို့ ပြောပါတယ်။

ထရမ့်အစိုးရဟာ ၂၀၂၅ နှစ်ဆန်းပိုင်း သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးကတည်းက လူဝင်မှုကြီးကြပ်ရေးကို တင်းကြပ်ဖို့ ညွှန်ကြားချက်တွေဆက်တိုက်ထုတ်ပြန်ခဲ့တာပါ။

အနီးကပ်ဆုံးအနေနဲ့ မေ ၂၆ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ခွင့်ရဖို့ ခိုလှုံခွင့်လိမ်လည် လျှောက်ထားသူတွေနဲ့ အကူအညီပေးတဲ့ ရှေ့နေတွေကို အရေးယူဖို့ အမိမြေ လုံခြုံရေး ဝန်ကြီးဌာန DHS၊ ဥပဒေအရာရှိချုပ်က အမေရိကန်လူဝင်မှုနဲ့အကောက်ခွန် ကြီးကြပ်ရေး ICE တပ်ဖွဲ့ကို ဌာနတွင်း ညွှန်ကြားချက် ထုတ်ခဲ့ပါတယ်။

မေ ၂၂ ရက်နေ့တုန်းကလည်း အမေရိကန်လူဝင်မှုကြီးကြပ်ရေး USCIS က အမေရိကန် ပြည်ထောင်စုကို ယာယီဗီဇာနဲ့ရောက်နေသူတွေ ပြည်တွင်းကနေ အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်းနေထိုင်ခွင့်(Green Card) လျှောက်ထားတဲ့စနစ်ကို ခြွင်းချက်တချို့ကလွဲပြီး လုံးဝ ပိတ်ပင် ကန့်သတ်ကြောင်း မူဝါဒလမ်းညွှန်ချက်အသစ် ထုတ်ပြန်ခဲ့ပါတယ်။

တပတ်အတွင်းထွက်ပေါ်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒဆိုင်ရာ ထုတ်ပြန်ချက် အသစ်တွေဟာ အမေရိကန်ရောက်မြန်မာတွေကို တိုက်ရိုက်ရည်ရွယ်တာ မဟုတ်ပေမဲ့ နေထိုင်ခွင့်ဆိုင်ရာ ခိုင်လုံမှုတခုမရသေးတဲ့ မြန်မာတွေအပေါ်မှာပါ သက်ရောက်မှု ရှိခဲ့ တာ ဖြစ်ပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးရဲ့မှတ်တမ်းတွေအရ အမေရိကန်နိုင်ငံမှာ ယာယီခိုလှုံခွင့် TPS နဲ့ နေထိုင်တဲ့ မြန်မာ၂,၃၀၀ ဝန်းကျင်ရှိနေပြီး မြန်မာနိုင်ငံသားတွေအတွက် ယာယီခိုလှုံခွင့် TPS ကို ၂၀၂၆ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ထရမ့်အစိုးရက ရပ်စဲခဲ့ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013