
လာမဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ အယ်လ်နီညိုရာသီဥတုဟာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြောင်း စစ်အာဏာရှင်လက်အောက်ခံ မိုးဇလဌာနက အောက်တိုဘာ ၁၁ ရက်နေ့ အသိပေး ထုတ်ပြန်ပါတယ်။
အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ဖြစ်စဉ် ဖြစ်ပေမဲ့ ဒီဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုအနေနဲ့ မိုးရွာသွန်းမှုပုံစံ မူမမှန်တာ၊ မုန်တိုင်းဖြစ်ပေါ်မှုတွေ မူမမှန်တာ၊ ဆောင်းရာသီနဲ့ နွေရာသီကာလတွေမှာ အပူချိန်တွေ မြင့်မားတာနဲ့ မိုးခေါင်ရေရှားတာ စတဲ့ အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်တွေမှာ အားအလွန်ကောင်းတဲ့ အယ်လ်နီညိုအခြေအနေမှာ ဆက်လက်တည်ရှိနေပြီး ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နဲ့ နိုင်ငံတကာရာသီဥတုဗဟိုဌာနတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြီး ခန့်မှန်းသုံးသပ်ချက်တွေအရ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာ အယ်လ်နီညိုဟာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဆောင်းရာသီနဲ့ နွေရာသီကာလမှာ အပူချိန်မြင့်မားတာနဲ့ ရေရှားပါးတာတွေ ဖြစ်လာနိုင်ပြီး မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်းနဲ့ ရေကန်တွေမှာ ရေနည်းပါးတာ၊ သောက်သုံးရေနဲ့ စိုက်ပျိုးရေ ပြတ်လပ်တာ၊ ရေမလုံလောက်မှု ဖြစ်ပေါ်လာနိုင်တာ၊ အပူရှပ်တာ၊ ရေဓာတ်ခန်းခြောက်တာ၊ ရေရှားပါးမှုကတဆင့် ဝမ်းပျက်၊ ၀မ်းလျှောရောဂါ ဖြစ်မယ်လို့ ဆိုပါတယ်။
ရေလှောင်တမံတွေမှာ ရေဝင်နည်းပါးတဲ့အတွက် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု လျော့နည်းသွားပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်မားလာနိုင်တဲ့အတွက် သက်ဆိုင်ရာကဏ္ဍတွေအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ဖို့ကိုလည်း မိုးဇလဌာနက အကြံပြုထားပါတယ်။
စူပါအယ်လ်နီညို အရှိန်ကြောင့် မြန်မာနိုင်ငံမှာ ၂၀၂၆ စက်တင်ဘာလကနေ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ၆ လအတွင်း လူပေါင်း ၁,၀၀၀ ကျော်အထိ သေဆုံးနိုင်တယ်လို့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေ စုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab (CIL) က ခန့်မှန်းတွက်ချက်ထားပါတယ်။











