DVB Logo
Home
မြန်မာသတင်း
မိုရာမုန်တိုင်းကြောင့် ရခိုင်၊ ချင်းနှင့် ဧရာဝတီတိုင်းတို့တွင် ပျက်စီးမှုများဟု လူ/ကယ်ပြန် ပြော
DVB
·
May 30, 2017
Donate to DVB

 

မိုရာဆိုင်ကလုန်းမုန်တိုင်းကြောင့်  ရခိုင်ပြည်နယ်၊  ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းမှာ ထိခိုက်ပျက်စီးမှု တော်တော်များများ ဖြစ်ပေါ်ခဲ့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနက ဦးစီးမှူး ဦးသန်းကျော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူနဲ့ သံတွဲမြို့နယ်အတွင်းက ရပ်ကွက်ကျေးရွာ အတော်များများ မှာ နေအိမ်တွေ၊ ကျောင်းတွေ၊ဘုန်းကြီးကျောင်းတွေ ပြိုကျပြီး နေအိမ်အမိုးတွေ လန်ကာ သစ်ပင်တွေနဲ့  ဓာတ်တိုင်တွေလဲကျပျက်စီးသွားခဲ့ပါတယ်။

စစ်တွေမြို့နယ်မှာ မြို့ပေါ်အပြင် အိုင်ဒီပီ ဒုက္ခသည်စခန်း ၂ ခုက နေအိမ်တချို့လည်း ပြိုကျပျက်စီးတဲ့အပြင် ဆန်ဂိုဒေါင်တွေလည်း ပျက်စီးခဲ့တယ်လို့လည်း ဦးသန်းကျော်ဌေးက ပြောပါတယ်။

“စစ်တွေမြို့နယ်မှာဆိုရင် ဓာတ်တိုင်ပြိုလဲတာတို့၊ ၀န်ထမ်းအိမ်ယာတွေအမိုးလန်တာ ပြည်နယ် အစိုးရကားပါကင်တွေ အမိုးပြိုလဲတယ်ပေါ့။ LED ဆိုင်းဘုတ်တွေပျက်စီးတယ်။ မူလွန်ကျောင်းတွေ တစိတ်တပိုင်းပျက်စီးတယ်။ သက်ကယ်ပြင်ကျေးရွာအိုင်ဒီပီစခန်းမှာဆိုရင် အဆောက်အဦတွေ ပျက်စီးတာတွေရှိပါတယ်။ အနောက်ရဲအိုင်ဒီပီစခန်းမှာဆိုရင် ဆန်ဂိုဒေါင်တလုံးအမိုးလန်တာ၊ စာသင်ဆောင်တလုံးအမိုးလံပျက်စီးတာရှိပါတယ်။ အဲဒါက ပေါက်တောမှာပေါ့နော်။”

ဒါ့အပြင် ရခိုင်ပြည်နယ် ကျောက်တော်မြိ့နယ်ထဲက  ရေငန်တားတာတမံ တခု နိမ့်ကျသွားတာတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် လေးခွကြီး၊ ဘင်္ဂလားကြီးကျေးရွာတွေမှာ နေအိမ်  ၇ လုံးပြိုကျပျက်စီးပြီး ၁၅ လုံး အမိုးလန်ပျက်စီးသွားသလို ဆန်စက်တလုံးအမိုးလန် ပြိုကျပျက်စီးခဲ့တယ်လို့ လူကယ်ပြန်ဌာနက သိရပါတယ်။

ချင်းပြည်နယ် ဟားခါမြို့ဈေးဟောင်းရပ်ကွက်မှာလည်း မိုးသည်းထန်ပြီး မြေသားတွေပြိုကျတဲ့အတွက် နေအိမ် ၃ လုံးကို နေရာပြောင်းရွှေ့ပေးထားခဲ့ရပါတယ်။

မုန်တိုင်းကြောင့် နေအိမ်အဆောက်အဦတွေ ထိခိုက်ပျက်စီးမှုတွေရှိပေမယ့် လတ်တလော  လူတွေ ထိခိုက်သေဆုံးတဲ့ သတင်းမတက်လာသေးဘူးလို့လည်း ဦးသန်းကျော်ဌေးက ဒီဗွီဘီကိုပြောပါတယ်။

လတ်တလောက် ထိခိုက်ပျက်စီးမှုနဲ့အကူညီလိုအပ်မှုတွေကို လူကယ်ပြန်ဝန်ကြီးဌာန ပြည်နယ်တာဝန်ရှိသူတွေနဲ့ ဒေသအာဏာပိုင်တွေ ပူးပေါင်းလုပ်ဆောင်နေပြီး ထိခိုက်ပျက်စီးမှုများတဲ့ ရခိုင်ပြည်နယ်ဘက်ကို အနီးကပ်ကူညီနိုင်ဖို့  လူကယ်ပြန်ဌာန ညွှန်ကြားရေးမှူး ချုပ်ကိုယ်တိုင် ဒီကနေ့ ရခိုင်ပြည်နယ်ကို ဆင်းခဲ့တယ်လို့လည်း ပြောပါတယ်။

“ ဒေသအာဏာပိုင်အစိုးရအဖွဲ့ မြို့နယ်ထွေအုပ်တွေနဲ့ပူးပေါင်းပြီးမှ လတ်တလောဖြစ်နေတဲ့ နေရာတွေမှာ ချက်ချင်းကွင်းဆင်းပြီးတော့ ယာယီတဲတွေ မိုးကာတွေ ခင်းကျင်းပြီးတော့ ထိုးပေးတာတို့ နောက်ပြီး လတ်တလော စားသောက်ဖို့အတွက် အစားအသောက်လိုက်လံထောက်ပံ့တာတို့ ဒေသအာဏာပိုင်တွေနဲ့ပူးပေါင်းပြီးတော့ ကျနော်တို့ လုပ်ဆောင်နေပါတယ်။ ”

အားကောင်းတဲ့ မိုရာဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တ ကောင်းမြို့နဲ့ ကော့ဘဇားမြို့ကြားကနေ ဒီမနက် ဖြတ်ကျော်ဝင်ရောက်သွားခဲ့တာဖြစ်ပြီး မုန်တိုင်းအရှိန်ကို မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသကမြို့တွေ ခံစားခဲ့ရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013