DVB Logo
Home
မြန်မာသတင်း
နွေရာသီကာလ ဧရာဝတီတိုင်းအတွင်း ၁၆၈ ရွာ သောက်သုံးရေပြတ်လပ်နိုင်
DVB
·
March 25, 2018
နွေရာသီကာလ ဧရာဝတီတိုင်းအတွင်း ၁၆၈ ရွာ သောက်သုံးရေပြတ်လပ်နိုင်
Donate to DVB

 

အခုနှစ်နွေရာသီကာလမှာ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ် ၁၀ မြို့နယ်က ရွာပေါင်း ၁၆၈ ရွာမှာ သောက်သုံးရေပြတ်လက်နိုင်တယ်လို့ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခန့်မှန်းထားပါတယ်။

သောက်သုံးရေပြတ်လပ်မယ်လို့ ခန့်မှန်းထားတဲ့ ရွာတွေက လူပေါင်း ၁၁၄,၄၄၇ ဦးအတွက် နေ့စဉ် ရေဂါလန်ပေါင်း ၃၅၁,၃၂၅ ဂါလန် လိုအပ်မှာဖြစ်ပြီး အနီးဆုံးရေချိုရနိုင်မယ့် နေရာကနေ သယ်ယူနိုင်ဖို့ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စက်လှေ၊ ရေသယ်ယာဉ်၊ မီးသတ်ယာဉ်တွေအတွက် စက်သုံးဆီဖိုးတွေ ပေးပို့သွားမှာဖြစ်ပြီး စုစုပေါင်းခန့်မှန်းကုန်ကျစရိတ် ၂၁၃ သိန်း ၁ သောင်းကျော် အသုံးပြုသွားမှာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနညွန်ကြားရေးမှူး ဦးစိုးသန်းက ပြောပါတယ်။

“မနှစ်ကအတွေ့အကြုံအရ ပြတ်ခဲ့တဲ့ ရွာတွေလည်း ရှိတယ်။ ရွာစာရင်းအရ တစ်ရွာချင်းကောက်ထားတဲ့ အချက်အလက်ကို ကြည့်ပြီး တွက်ချက်ကြည့်တဲ့ အခါကျတော့ ဒီရွာတွေ ဒီရွာတွေတော့ ဒီအချိန်ရောက်ရင် ပြတ်နိုင်တယ်ဆိုတာလေး ရပါတယ်။ တရွာချင်းကိုလည်း ဒီရွာပြတ်နိုင်လား၊ မပြတ်နိုင်လားဆိုတာ ကြိုတင်ကွင်းဆင်းခဲ့တဲ့ အချက်အလက်တွေအရပါ”လို့ ပြောပါတယ်။

ရေပြတ်လပ်ဖို့ အများဆုံးဖြစ်နိုင်တဲ့ ရွာတွေကတော့ ရေကြည်၊ ဒေးဒရဲ၊ ဖျာပုံ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းနဲ့ ပုသိမ်မြို့နယ်တွေထဲက ရွာတွေဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့နှစ် နွေရာသီကာလကလည်း ရွာပေါင်း ၁၆၆ ရွာ ရေပြတ်မယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ခန့်မှန်းခဲ့ပြီး ၄၆ ရွာပဲ သောက်သုံးရေပြတ်လပ်ခဲ့တာကြောင့် ပိုလျံတဲ့ငွေတွေကို ရွာတွေမှာရှိတဲ့ သောက်သုံးရေကန်တွေ ပြန်လည်ပြင်ဆင်ဖို့ ချထားပေးနိုင်ခဲ့တယ်လို့ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ သိရပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013