ထိုင်ဝမ်ကျွန်းမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဟန်ကွမ်း စစ်ရေးလေ့ကျင့်မှုအတွင်း ပက်ထရီရော့တ် ဒုံးကျည်စနစ် ပြန်လည်ဖြည့်တင်းတာ၊ ဒရုန်းကျူးကျော်မှုတွေကို တုံ့ပြန်တာနဲ့ အထူးတပ်ဖွဲ့တွေရဲ့ ချုံခိုတိုက်ခိုက်မှုတွေကို ဩဂုတ် ၁၁ ရက်မှာ ထိုင်ဝမ်စစ်တပ်က လေ့ကျင့်ခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်ခန်းတွေထဲမှာ စစ်ပွဲဖြစ်လာရင် ဆက်တိုက် တိုက်ခိုက်နိုင်စွမ်း ရှိ၊ မရှိကို စမ်းသပ်ဖို့အတွက် လေတပ်က တိုက်ပွဲဆင်နွှဲပြီးနောက်မှာ ပက်ထရီရော့တ် ဒုံးကျည်တွေကို ပြန်လည်ဖြည့်တင်းတာနဲ့ ကြည်းတပ် အထူးတပ်ဖွဲ့တွေက ဒရုန်း၊ တင့်ကားဖျက်ဒုံးနဲ့ စနိုက်ပါအဖွဲ့တွေကို သုံးပြီး တိုင်ပေမြို့မှာ ရန်သူ့ယာဉ်တန်းကို သွားလာရခက်အောင် တားဆီးကာ ရန်သူအမိန့်ပေးစနစ်ကို ဖျက်ဆီးပစ်ဖို့အတွက် ညဘက် ချုံခိုတိုက်ခိုက်တာတွေ အပါအဝင် လေတပ်နဲ့ ကြည်းတပ် အထူးတပ်ဖွဲ့တို့က ပူးတွဲ လေ့ကျင့်ခဲ့ကြတာပါ။
တောင်ပိုင်း ချေယာယီမြို့မှာရှိတဲ့ လေတပ်စခန်းမှာတော့ ကျူးကျော်ဝင်ရောက်လာတဲ့ ဒရုန်းကို လေတပ်စခန်း တပ်ဖွဲ့ဝင်တွေက ထောက်လှမ်းတာ၊ လှိုင်းနှောင့်ယှက်တာနဲ့ ပစ်ခတ်ဟန့်တားတာတွေကို လေ့ကျင့်ခဲ့ကြတာပါ။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဟာ တရုတ်က အင်အားသုံး သိမ်းပိုက်ဖို့ ခြိမ်းခြောက်လာရင် တုံ့ပြန်နိုင်ဖို့အတွက် အခြေအနေမျိုးစုံကို စိစစ်စမ်းသပ်တဲ့ ဟန်ကွမ်း စစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့အပတ်က စတင်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











