DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီအစိုးရအနေဖြင့် အာဏာသုံးပြီး ပိတ်ပင်တားဆီးခွင့်မရှိဟု မဘသဗဟိုရှင်းလင်း (ရုပ်သံ)
DVB
·
May 28, 2017
ဒီမိုကရေစီအစိုးရအနေဖြင့် အာဏာသုံးပြီး ပိတ်ပင်တားဆီးခွင့်မရှိဟု မဘသဗဟိုရှင်းလင်း (ရုပ်သံ)
1 / 2
Donate to DVB

ဒီမိုကရေစီစနစ်ကျင့်သုံးနေတယ်လို့ ကြွေးကြော်နေတဲ့  ပြည်သူ့အစိုးရအနေနဲ့ မဘသ အဖွဲ့အစည်းအမည် အသုံးပြုတာကို အာဏာသုံးပြီး ပိတ်ပင်တားဆီးခွင့်မရှိဘူးလို့ အမျိုးဘာသာ သာသနာစောင့်ရေးအဖွဲ့က ရှင်းလင်ချက်တွေ ထုတ်ပြန်လိုက်ပါတယ်။

မဘသအဖွဲ့ဟာ လွန်ခဲ့တဲ့ ၄နှစ် စတင်တည်ထောင်ချိန်ကစပြီး သဘာဝဘေး အန္တရာယ်ကျရောက်နေတဲ့ ရဟန်းရှင်လူပြည်သူတွေကို ကယ်ဆယ်ကူညီထောက်ပံ့တာ၊ ဗုဒ္ဓသာ သနာတော် ထွန်းကားပြန့်ပွားရေးအတွက် သင်တန်းတွေပေးတာစတဲ့ အမျိုးဘာသာ သာသနာအတွက် ကောင်းမြတ်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်လို့ မတရား သင်း အဖွဲ့အစည်း မဟုတ်ဘူးလို့လည်းပြောပါတယ်။

ဒါအပြင် မဘသ အဖွဲ့ဟာ အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေတွေအရ တရား ၀င်တည်ရှိနေတဲ့ အဖွဲ့အစည်းဖြစ်လို့ အာဏာပိုင်တွေက အရေးယူဆောင်ရွက်ဖို့ မရှိဘူးလို့လည်းဆိုပါတယ်။

မဘသအဖွဲ့အနေနဲ့ အမည်ကို မသုံးစွဲဖို့နဲ့ ဆိုင်းဘုတ်တွေကို ဇူလိုင်လမှာ ဖြုတ်သိမ်းဖို့  နိုင်ငံတော်သံဃနာယကအဖွဲ့က ဆရာတော် ၄၇ ပါး စုံညီအစည်းအဝေးဆုံးဖြတ်ချက်ကို ပြီးခဲ့ မေ ၂၃ရက်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

မဟနအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ သံဃာစည်းမျဉ်းလုပ်ထုံးလုပ်နည်းနဲ့ အခြေခံဥပဒေနဲ့ ညီညွှတ်မှုမရှိပေမယ့်လည်း  သံဃညီညွတ်ရေးကို ထိခိုက်မှာစိုးရိမ်တဲ့အတွက် လက်ခံ လိုက်တယ်လို့ မဘသ အဖွဲ့က ဆိုပါတယ်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)ကို ရှေ့ဆက်ပြီး ဗုဒ္ဓ ဓမ္မပရဟိတ ဖောင်ဒေးရှင်းအမည်ပြောင်းလဲပြီး ဆက်လက်ရပ်တည်လုပ်ဆောင်သွားဖို့ အင်းစိန် အောင်ဆန်းတောရကျောင်းမှာ မေ ၂၇ ရက်မှ ၂၈ရက်ထိ  ၂ရက်တာ ကျင်းပတဲ့ မဘသ ဗဟိုရဲ့ အထူးအသိပေးရှင်းလင်းပွဲမှာ ဆုံးဖြတ်လိုက်ပါတယ်။

နိုင်ငံတ၀န်းဒေသအသီးသီးမှာရှိတဲ့ မဘသအဖွဲ့တွေအနေနဲ့  ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအမည်နဲ့  တိုင်းပြည်နဲ့ လူမျိုးဘာသာသာသနာအကျိုးပြုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားကြဖို့လည်း ဗဟိုက တိုက်တွန်းထားပါတယ်။

မဘသဥက္ကဋ္ဌ ရွာမဆရာတော်ကတော့ အမည်အသစ်ပေးပြီး ဆက်လက်လုပ်ဆောင်တဲ့ နေရာမှာ  နိုင်ငံတော်သံဃနာယကအဖွဲ့ကို အရွဲ့တိုက်တဲ့သဘောမျိုးမဖြစ်အောင် အဖွဲ့ဝင်တွေကို တိုက်တွန်း မိန့်ကြားခဲ့ပါတယ်။

အခုလို အမည်ပြောင်းလဲလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အရင်က  မဘသအဖွဲ့မှာ  ဦးဆောင် ဆရာတော်တစ်ပါးဖြစ်ခဲ့ဖူးတဲ့  ဆရာတော် ဦးပါမောက္ခက “အဓိကက နာမည်နဲ့ သိပ်မဆိုင်ပါဘူး။ ဘုန်းကြီးအနေနဲ့တော့ ဒီအဖွဲ့အစည်းကိုလည်း မဖျက်ဆီးစေချင်ဘူး။ မဘသ အဖွဲ့ကြီးကိုလည်း ရေရှည် တည်တံ့ခိုင်မြဲစေချင်တယ်၊ သို့သော် မဘသ  အမျိုးဘာသာ သာသာနာ စောင့်ရှောက်ရေးအဖွဲ့ကို ဦးတည်ပြီးတော့ ပါတီတခုကို တိုက်ခိုက်တာမျိုး၊ ဖိအားပေးတာမျိုး၊ ဒါမျိုးလည်း မလုပ်စေချင်ဘူး။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာတော်ကို သီးသန့် ဘယ်ပါတီ အဖွဲ့အစည်းနဲ့မှ မပတ်သက်ဘဲ ဘယ်အစိုးရနဲ့မှ မပတ်သက်ဘဲနဲ့ သီးသန့် အဖွဲ့အစည်းအနေဖြင့် တည်တံ့ခိုင်မြဲဖို့က အဓိကပါပဲ။ ဒီနာမည်ကတော့ မဘသအဖွဲ့ဆိုလည်းပဲ ဒီဆရာတော်နဲ့ ဒီလူတွေပဲ၊ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဆိုလည်း ဒီလူတွေပါဘဲ နာမည်ဟာ ပညပ်တခုပါပဲ”လို့ ဒီဗွီဘီကို မိန့်ပါတယ်။

ဦးပါမောက္ခဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက မဘသ အဖွဲ့ကနေ တရားဝင်  နုတ်ထွက်ထားခဲ့ပြီး လက်ရှိမှာတော့  “နစ်နာရမှုများ ရှင်းလင်းတင်ပြရေးကော်မတီ” ဦးဆောင်ဆရာတော်အဖြစ်တာဝန်ယူထားသူဖြစ်ပါတယ်။

ကျင်းပပြီးစီးသွားတဲ့ မဘသ ဗဟိုရဲ့ အထူးအသိပေးရှင်းလင်းပွဲမှာ ပြည်ပက ထေရဝါဒ၊ မဟာယန၊ ဗုဒ္ဓဘာသာဝင်တွေ၊ ပြည်တွင်းက ရဟန်းသံဃာနဲ့ သီလရှင်တွေ၊  ပြည်နယ်နဲ့ တိုင်းတွေက မဘသအဖွဲ့ဝင်တွေ စုစုပေါင်း ၁ သောင်းေ ကျာ်တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013