
ကျူးဘားနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ သယ်ဆောင်လာတဲ့ ရေယာဉ် ၂ စင်းဟာ ဟာဗားနားမြို့ကို သတ်မှတ်ထားတဲ့အချိန်အတိုင်း ရောက်မလာတဲ့အတွက် ကာရစ်ဘီယံပင်လယ်ထဲမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လိုက်ပြီလို့ မက္ကဆီကို ရေတပ်က မတ် ၂၆ ရက်မှာ ပြောပါတယ်။
ရေတပ်ရဲ့ ထုတ်ပြန်ချက်အရ ရေယာဉ် ၂ စင်းဟာ မတ် ၂၀ ရက်က မက္ကဆီကိုနိုင်ငံ ကင်တားနားရိုးပြည်နယ်က အီစလာမူဂျေးရက်စ်ကျွန်းကနေ ဟာဗားနားမြို့ကို ထွက်ခွာသွားတာ ဖြစ်ပြီး သင်္ဘာပေါ်မှာ နိုင်ငံစုံက သင်္ဘောသား ၉ ယောက် လိုက်ပါသွားပါတယ်။
ရေယာဉ်တွေဟာ မတ် ၂၄ ရက်နဲ့ ၂၅ ရက်ကြားမှာ ရောက်လာမယ်လို့ ခန့်မှန်းထားပေမဲ့ သူတို့ဆီက ဘာအဆက်အသွယ်မှ မရတော့သလို ဆိုက်ရောက်ကြောင်း အတည်ပြုချက်လည်း မရှိသေးဘူးလို့ ရေတပ်က ပြောပါတယ်။
အခုပျောက်ဆုံးနေတဲ့ ရေယာဉ် ၂ စင်းဟာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေနဲ့ စီးပွားရေး အကျပ်အတည်းကို ကာလကြာရှည် ဆိုးဆိုးရွားရွား ကြုံနေရတဲ့ ကျူးဘားနိုင်ငံအတွက် လူထုအခြေပြု အကူအညီလှုပ်ရှားမှု အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
အဲဒီရေယာဉ်တန်းအုပ်စုထဲက တခြားရေယာဉ်တစင်းကတော့ မတ် ၂၄ ရက်မှာ ဟာဗားနားကို ရောက်ရှိသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က မက္ကဆီကိုနိုင်ငံရှိ စေတနာ့ဝန်ထမ်းတွေဟာ သင်္ဘာတွေထဲကို ဆန်၊ ကလေးသုံး သန့်ရှင်းရေးပစ္စည်းတွေ၊ ပဲမျိုးစုံ၊ ကလေးနို့မှုန့်၊ ဆေးဝါးတွေနဲ့ တခြား အထောက်အပံ့ပစ္စည်းတွေ တင်ဆောင်ခဲ့ကြပါတယ်။
ဒါဟာ Nuestra America Convoy အမည်ရှိ အစိုးရမဟုတ်တဲ့ လှုပ်ရှားမှုတခုဖြစ်ပြီး ကျွန်းနိုင်ငံကို အစားအစာ၊ ဆေးဝါးနဲ့ စွမ်းအင်ဆိုင်ရာပစ္စည်းတွေ ပို့ဆောင်ဖို့ ရည်ရွယ်ထားတာပါ။ ဒီကူညီရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကတော့ အခုကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုတာကို ချက်ချင်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
မက္ကဆီကိုဘက်က ပိုလန်၊ ပြင်သစ်၊ ကျူးဘားနဲ့ အမေရိကန်နိုင်ငံတွေက ရေကြောင်းကယ်ဆယ်ရေး ညှိနှိုင်းရေးစင်တာတွေအပြင် သင်္ဘာပေါ်ပါသွားသူတွေရဲ့ နိုင်ငံအလိုက် သံတမန်ကိုယ်စားလှယ်တွေနဲ့လည်း ဆက်သွယ်ဆောင်ရွက်နေတယ်လို့ မက္ကစီကိုရေတပ်က ပြောပါတယ်။
Source: Reuters










