
စစ်အာဏာရှင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုးကွယ်တဲ့ စန္ဒကူးမြိုင်ဆရာတော် အသတ်ခံရတဲ့အမှုကို စစ်ထောက်လှမ်းရေးက ဦးဆောင်စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စန္ဒကူးမြိုင်ဆရာတော် ဦးပညာဝံသ (ခ) ဒေါက်တာဖေဉာဏ် အသတ်ခံရတဲ့အမှုကို မြို့နယ်စုပေါင်း စစ်ဆေးရေးအဖွဲ့ဆီကနေ ဇူလိုင် ၉ ရက်မှာ စစ်ထောက်လှမ်းက လွှဲပြောင်းရယူလိုက်တာလို့ အုပ်ချုပ်ရေးနဲ့နီစပ်သူတယောက်က DVB ကို ပြောပါတယ်။
“စန္ဒကူးမြိုင်ဆရာတော် အသတ်ခံရတဲ့အမှုကို ရန်ကုန်မှာရှိတဲ့ စရဖအဖွဲ့က လွှဲပြောင်းယူလိုက်တယ်။ တပ်မှူးက ဒုဗိုလ်မှူးကြီး ဇော်ထက်အောင်၊ သူကိုယ်တိုင် ဦးဆောင်တာ။ ဘာလို့လဲဆိုတော့ စရဖအဖွဲ့က ခေါင်းပေါင်းတွေကို ဆရာတော်က ယတြာလုပ်ပေးခဲ့လို့။ သတ်တဲ့သူကို မရ ရအောင်လိုက်နေတာ။”
ဒီအမှုကို ဇူလိုင် ၃ ရက်ကစပြီး ရဲတပ်ဖွဲ့၊ စသုံးလုံး၊ CID၊ SB နဲ့ ထွေအုပ်အဖွဲ့က ပူးပေါင်း စစ်ဆေးနေတာဖြစ်ပြီး ဇူလိုင် ၉ ရက်မှာ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့က လွှဲယူတာလို့ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ခေတ်အဆက်ဆက်က ခေါင်းဆောင်တွေ ကိုးကွယ်တဲ့ ဆရာတော်ကို ဓားနဲ့ ၉ ချက် ထိုးသတ်သွားတာဆိုတော့ စစ်တပ်က အတော်လေးဒေါသထွက်နေတယ်။ မသေခင်က သူ ကျောင်းဆောက်ဖို့ဆိုပြီး ဗိုလ်ချုပ်တယောက်က ကျပ်သိန်း ၅၀၀၊ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က ကျပ်သိန်း ၃၀၀ လာလှူသွားတယ်။”
ရဲကြေးနန်းဖော်ပြထားချက်ထဲမှာ ဇူလိုင် ၂ ရက်၊ မနက် ၁၁ နာရီခွဲက မှော်ဘီမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ စန္ဒကူးမြိုင်သာသနာ့ရိပ်သာကျောင်း ဆရာတော် ဦးပညာဝံသ ကျောင်းဝင်းအတွင်းမှာ ဓားနဲ့ ၉ ချက် ထိုးသတ်ခံရပြီး ပျံလွန်တော်မူတယ်လို့ ဖော်ပြထားပါတယ်။
ဆရာတော်ဦးပညာဝံသ(ခ)ဦးဖေဉာဏ်ဟာ စစ်ခေါင်းဆောင်တွေရဲ့အကြိုက်ကိုသိပြီး အခါတော်ပေးတာ၊ ယတြာအစီအမံတွေ လုပ်ပေးတာကြောင့် အာဏာရှင်အဆက်ဆက် ကိုးကွယ်နေတာလို့ ဆရာတော်တပါးက မိန့်ပါတယ်။
“ဦးသန်းရွှေတယောက်တည်း ကိုးကွယ်တာ မဟုတ်ဘူး။ ဦးသိန်းစိန်၊ မင်းအောင်လှိုင်နဲ့ အခု တပ်ချုပ်ဖြစ်သွားတဲ့ ရဲဝင်းဦးတို့ပါ ကိုးကွယ်တာ။ သူ တခုခု လုပ်ချင်တယ်သာ ပြောလိုက်၊ အနိမ့်ဆုံး တပ်နယ်မှူး အဆင့်ကကစပြီး သူ့ကျောင်းကို ရောက်လာတာ။ သူက စကားပြောလည်းကောင်းတယ်။ မင်းအောင်လှိုင်ကိုတောင် ကုန်းဘောင်ဘုရင်မျိုးရိုးလို့ ပြောတာ။ အခုအသတ်ခံရတော့ ယတြာအစီအမံလုပ်ပေးမဲ့သူ မရှိတော့ဘူး။”
လတ်တလော မှော်ဘီမြို့နယ်၊ စန္ဒကူးမြိုင်သာသနာရိပ်သာကျောင်းအတွင်းမှာ စရဖအဖွဲ့က အရပ်ဝတ်တွေနဲ့ အသွင်ယူပြီး စောင့်ကြည့်နေပါတယ်။
ပျံလွန်တော်မူသွားတဲ့ ဆရာတော် ဦးပညာဝံသဟာ အရင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဗေဒင်နဲ့ ယတြာ ဓာတ်ရိုက်ဓာတ်ဆင်လုပ်ပေးတဲ့ တိရစ္ဆာန် ဆေးကုဆရာဝန် ဒေါက်တာဖေဉာဏ် ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ဘုန်းကြီးဝတ်ကာ မှော်ဘီမြို့ စန္ဒကူးမြိုင်ရိပ်သာ ဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးနေတာ ဖြစ်ပါတယ်။










