
ဖမ်းဆီးအကျဉ်းချခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ထပ်မံတောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်ထံ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပေးပို့တဲ့စာမှာ တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း စည်းကမ်းချက်မထားဘဲ ပြန်လည်လွှတ်ပေးဖို့၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးခံထားရသူ အားလုံးကို လွှတ်ပေးဖို့ ပြင်သစ်နိုင်ငံအနေနဲ့ ဆက်လက်တောင်းဆိုသွားမယ်၊ ဒါဟာ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတရပ် ဖြစ်မြောက်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ကြိုတင်စည်းကမ်းချက် ဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိပိုင်ခွင့်၊ သူတို့ရဲ့ ရှေ့နေတွေ၊ မိသားစုတွေနဲ့ ဆက်သွယ်ခွင့် အပါအဝင် အခြေခံရပိုင်ခွင့်တွေကို လေးစားလိုက်နာရမယ်လို့ ပြင်သစ်သမ္မတ မက်ခရွန်က ပြောပါတယ်။
ဒီစာကိုတော့ ပြင်သစ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခရစ်စတီယန် လီချာဗီနဲ့ လျှို့ဝှက်နေရာတခုမှာ တွေ့ဆုံစဉ် လက်ခံရရှိခဲ့တာလို့ ကင်မ်အဲရစ်က သူ့ရဲ့ လူမှုကွန်ရက်မှာ ထုတ်ဖော်ပြောထားပါတယ်။
ဒီစာကို လက်ခံရရှိတဲ့အတွက်ရော မြန်မာပြည်သူတွေအပေါ် ပြင်သစ်နိုင်ငံက မူဝါဒခိုင်ခိုင်မာမာနဲ့ အမြဲတမ်း ရပ်တည်ပေးနေတဲ့အတွက်ပါ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့ ကင်မ်အဲရစ်က ပြောပါတယ်။
ကင်မ်အဲရစ်က “ကျနော်တို့မိသားစု ရင်ဆိုင်နေရတဲ့ စိုးရိမ်ပူပန်မှုတွေကို နားလည်ပေးတဲ့အတွက်၊ Proof of Life လှုပ်ရှားမှုကို အားပေးထောက်ခံတဲ့အတွက်၊ နောက်ပြီး မေမေ့ကို မိသားစုနဲ့ ဆက်သွယ်ခွင့်၊ ရှေ့နေတွေနဲ့ တွေ့ခွင့်၊ သင့်လျော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိခွင့်တို့လို အခြေခံအခွင့်အရေးတွေကို လေးစားရမယ် ဆိုတာကို ပြင်သစ်နိုင်ငံက အလေးအနက်ထား ပြောကြားပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ အာဆီယံက ကျနော့်မေမေနဲ့ တွေ့ခွင့်တောင်းဆိုခဲ့တာကို ပြင်သစ်နိုင်ငံက ထောက်ခံခဲ့သလို ကျနော့်မေမေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်နေတယ် ဆိုတာလည်း ကျနော့်အတွက် အားတက်စရာပါ” လို့ ပြောပါတယ်။
ဒါ့အပြင် မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ် လုံးဝမရသေးသလို မိခင်ဖြစ်သူ အသက်ရှင်နေသေးလား ဆိုတာတောင် မသိရသေးတဲ့ ဒီလိုအချိန်မှာ ပြင်သစ်နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ လူ့အခွင့်အရေးအပေါ် ခိုင်မာတဲ့ ကတိကဝတ်တွေက သူ့အတွက် မျှော်လင့်ချက်တခုဖြစ်တယ်လို့ ကင်မ်အဲရစ်က ပြောပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ စစ်အာဏာရှင်ကို တောင်းဆိုတဲ့ "Proof of Life" ကမ်ပိန်းကို ကင်မ်အဲရစ်က ဦးဆောင်ပြုလုပ်နေပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောက်နေတဲ့ မြန်မာပြည်သူတွေကလည်း ပူးပေါင်းပါဝင်နေကြတာ ဖြစ်ပါတယ်။
ပြင်သစ်သမ္မတ မက်ခရွန်က "Proof of Life လှုပ်ရှားမှုရဲ့ ဦးဆောင်ကြိုးပမ်းမှုကို ကျနော်တို့ ကြိုဆိုပါတယ်။ သင့်မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ၊ ထိန်းသိမ်းခံထားရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သင့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျနော်တို့လည်း အတူတူ ခံစားရပါတယ်။ ဒါကြောင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ အာဆီယံအထူးသံတမန်နဲ့ သင့်မိခင်တို့ တွေ့ဆုံခွင့်ရရှိရေး တောင်းဆိုချက်ကို ပြင်သစ်နိုင်ငံက ထောက်ခံတာဖြစ်တယ်။ မေလ ၂၅ ရက်နေ့က ပါရီမြို့ကို လာရောက်လည်ပတ်ခဲ့တဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင်းနဲ့ တွေ့ဆုံစဉ်ကလည်း ဒီကိစ္စရပ်ကို ကျနော် ဆွေးနွေးခဲ့တယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေတဲ့ လုပ်ရပ်တွေအတွက် တာဝန်ရှိသူတွေကို ပစ်မှတ်ထားပြီး ဥရောပသမဂ္ဂ (EU) ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ၂၀၂၆ ခုနှစ် ဧပြီ ၂၇ ရက်က ၁ နှစ်သက်တမ်း တိုးမြှင့်လိုက်တာကို ပြင်သစ်နိုင်ငံက ထောက်ခံတယ်လို့လည်း ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပိုင်ခွင့်တွေ အပြည့်အဝ ပြန်လည်ရရှိရေးနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးရဲ့ ကံကြမ္မာတို့နဲ့ စပ်လျဉ်းပြီး ပြင်သစ်နိုင်ငံအနေနဲ့ ဥရောပ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့အတူ ဆက်လက်ပြီး တက်ကြွစွာ အားထုတ်ကြိုးပမ်းသွားမယ်လို့ ပြင်သစ်သမ္မတ မက်ခရွန်က ကတိပေး ပြောသွားပါတယ်။
စစ်အာဏာရှင်ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်တအိမ်မှာ ပြောင်းရွှေ့ ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပေမဲ့ သက်ရှိထင်ရှားရှိနေကြောင်း ခုချိန်အထိ ခိုင်မာတဲ့ သက်သေအထောက်အထား ပြနိုင်ခြင်း မရှိသေးသလို ကုလသမဂ္ဂ အပါအဝင် ပြည်ပက အထူးသံတမန်တွေနဲ့လည်း တွေ့ဆုံခွင့် မပေးပါဘူး။










