DVB Logo
Home
မြန်မာသတင်း
စင်ကာပူရောက်မြန်မာများ၏ မဟာသင်္ကြန်ပိတ်ပွဲ City Hall တွင် ကျင်းပမည်
DVB
·
April 22, 2017
စင်ကာပူရောက်မြန်မာများ၏ မဟာသင်္ကြန်ပိတ်ပွဲ City Hall တွင် ကျင်းပမည်
Donate to DVB

စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအတွက် အခုနှစ်ရဲ့ မြန်မာ့ရိုးရာ မဟာသင်္ကြန်အပိတ်ပွဲကို စကာပူနိုင်ငံက မြန်မာအများစု နေထိုင်တဲ့ City Hall မှာ မနက်ဖြန် ကျင်းပသွားမှာ ဖြစ်ပါတယ်။

“စကာပူနိုင်ငံမှာ ဧပြီလဆို တနင်္ဂနွေနေ့တိုင်း သင်္ကြန် ကျင်းပတယ်။ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနဲ့ မြန်မာအများစု ရှိတဲ့ City Hall အဲ့လို နေရာတွေမှာ ကျင်းပတယ်။ အခု နှစ်ရဲ့ နောက်ဆုံးအပတ် သင်္ကြန်ပိတ်ပွဲကိုတော့ City Hall မှာ ကျင်းပမှာ။ အစည်းကားဆုံးနဲ့ အခမ်းနားဆုံး သင်္ကြန်ပေါ့။ တိုးပါတိုး ဘုန်းကြီးကျောင်း၊ ဆမ်မာဝမ်း ကျောင်းတွေမှာ ပထမအပတ်နဲ့ ဒုတိယအပတ်က ကျင်းပပြီးပြီ” လို့ စင်ကာပူရောက် မြန်မာနိုင်ငံသူ တဦးက ပြောပါတယ်။

၂၀၁၇ ရဲ့ နောက်ဆုံးအပတ်ဖြစ်တဲ့ ၂၃ ရက်နေ့ သင်္ကြန်မှာ မေခလာ၊ ဘီလီလမင်းအေး၊ အမ်ဇော်ရိန်၊ ရတနာ၊ ၀ိုင်းလမင်းအောင်တို့ လာရောက် ဖျော်ဖြေမှာ ဖြစ်ပြီး ၂၀၁၆ ခုနှစ်က ခိုင်ထူး၊ ဖိုးသောကြာနဲ့ ဂျေညီညီတို့ လာရောက်ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

“ကိုယ့်နိုင်ငံ မဟုတ်ပေမယ့် ပျော်စရာကောင်းအောင် ဖန်တီးပေးထားတဲ့ အစ်ကိုအစ်မတွေက အသေအချာ စီစဉ်ထားတာဆိုတော့ ပျော်စရာကောင်းပါတယ်။ မရနိုင်ဘူး ထင်တဲ့ နေရာမှာမှ ရတဲ့ ရှားရှားပါးပါး အပျော်ဆိုတော့ ပိုမျှော်လင့်ကြတယ်လေ။ စလုံးကို ရောက်တဲ့ မြန်မာတိုင်းက ဒီအချိန်ကိုပေါ့။ မြန်မာပြည်မှာတော့ ကလေးဘ၀တုန်းကပဲ ပျော်ခဲ့တာ။ ဒီမှာက သင်္ကြန်ပွဲတော် ဆူဆူပူပူ သောက်စား ရမ်းကား မလုပ်ရဲကြတော့ သိပ်မကြောက်ရဘူး။ အရက်သမား ရန်တွေ ဘာတွေလေ” လို့ စင်ကာပူရောက် မြန်မာအမျိုးသမီးတဦးဖြစ်တဲ့ မကျေးက ပြောပါတယ်။

စင်ကာပူ မဟာသင်္ကြန်ပွဲဟာ မြန်မာပြည်ကနေ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ လူငယ် လူကြီး သူငယ်ချင်းတွေ စုပြီးလည်း စတုဒီသာကျွေးမွေးခြင်းတွေ ပြုလုပ်ကြပြီး မြန်မာပြည် အလွမ်းပြေ တခုအဖြစ် အားလုံးပျော်ရွှင်အောင် စုပေါင်းအားနဲ့ ကျင်းပကြတဲ့ ပွဲလည်း ဖြစ်ပါတယ်။

ပြည်ပသင်္ကြန်နဲ့ ကိုယ့်နိုင်ငံအတွင်း သင်္ကြန်ကွာဟမှုကို စင်ကာပူရောက် မသဇင်မိုးက “မြန်မာပြည်မှာက နေရာတိုင်းရေပက်တယ်။ ဒီမှာက ဗုဒ္ဓဘာသာတွေ နေတဲ့နေရာလောက်ပဲ ရေပက်ကြတယ်။ ရေပက်တာတောင်မှ ရေရှားတဲ့အတွက် အများကြီးပက်လို့ မရဘူး။ ရေဘူးလေးနဲ့ နည်းနည်းလေး ဆွတ်ရုံတင်လေးပေါ့။ အဲဒီလို နည်းနည်းလေး လောင်းကြတယ်။ အကတွေ ကြည့်တယ်။ စတုဒီသာ ကျွေးရင် စားတယ်။ အဲ့ဒါပြီး ပြန်တယ်။ အဲ့လောက်ပဲ ရှိတယ်။ မြန်မာပြည်မှာကြတော့ ကိုယ့်သူငယ်ချင်း အပေါင်းအသင်းတွေ အများကြီး ကားနဲ့လည်ကြတယ်၊ ဆိုင်ကယ်နဲ့ လည်ကြတယ်၊ အိမ်ကိုလာလို့ ရှိရင်လည်း ရေပက်လို့ ရတယ်၊ အဲ့လိုပေါ့။ ဒီမှာကျတော့ အလုပ်သမားဆိုတော့ ထွက်ရက်ကလည်း တစ်လမှ ၂ ခါပဲ ရတယ်။ တချို့ဆို ကိုယ့်ရဲ့ မြန်မာနှစ်သစ်ကူးဖြစ်ပေမယ့် အိမ်ရှင်တွေက ခွင့်မပေးတဲ့အခါကျတော့ ထွက်ရက်နဲ့ မတိုက်ရင် ထွက်လို့ မရဘူး။ အဲဒီအတွက် ပျော်စရာဆိုတာလည်း မရှိဘူး။ မြန်မာနိုင်ငံကိုပဲ လွမ်းတာပဲလေ” လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ သင်္ကြန်နောက်ဆုံးပွဲမှာ မြန်မာ အဆိုတော်တွေနဲ့အတူ စင်ကာပူရောက် မြန်မာလူငယ်များရဲ့ သင်္ကြန်ယိမ်းအကတွေကိုပါ ထည့်သွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

မင်းရဲစစ်နိုင်

ဓာတ်ပုံ - စင်္ကာပူရောက် တက်သစ်စ လူငယ်များအဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013