
မြောက်ကိုရီးယား နယ်စပ်တပ်ဖွဲ့တွေရဲ့ လုံခြုံရေးကို တောင်ကိုရီးယားဘက်က ခြိမ်းခြောက်လာခဲ့ရင် အရေးယူဆောင်ရွက်ဖို့ မြောက်ကိုရီးယားက သူ့နယ်စပ်တပ်တွေကို ညွှန်ကြားလိုက်ကြောင်း အောက်တိုဘာ ၂၁ ရက်က နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမ ကင်မ်ယိုးဂျုံနဲ့ ကြည်းတပ်စစ်ဦးစီးချုပ် ဘတ်ဂျုံချွန်းတို့ဟာ အောက်တိုဘာ ၂၀ ရက်က တောင်ကိုရီးယားနယ်စပ်ရှိ ခံတပ်တွေကို သွားရောက်စစ်ဆေးခဲ့ကြတယ်လို့ KCNA က ဖော်ပြပါတယ်။ နယ်စပ်မှာရှိတဲ့ လက်နက်ကြီးတပ်ဖွဲ့အသစ်တွေဟာ “ပစ်ခတ်မဲ့နေရာတွေကို ယူပြီးသွားကြပြီ” လို့လည်း ကင်မ်ယိုးဂျုံ က ပြောပါတယ်။
မြောက်ကိုရီးယားဘက်က နယ်စပ်တလျှောက် စစ်ရေးအင်အား တိုးမြှင့်မဲ့ ခြိမ်းခြောက်မှုတွေကို လက်တွေ့ လုပ်ဆောင်လာခဲ့ရင် ပြုံယမ်းရဲ့ နောက်ထပ် ဘယ်လိုရန်စမှုကိုမဆို “ပြတ်ပြတ်သားသား” အရေးယူသွားမယ်လို့ ဆိုးလ်မြို့တော်က ကတိကဝတ်ပြုပြီး တရက်အကြာမှာ အခုလို သတင်းထွက်ပေါ်လာတာပါ။
ဒါကြောင့် လက်နက်ကြီးတွေ အမြောက်အမြား တပ်ဆင်ထားတဲ့ နယ်စပ်တလျှောက်မှာ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာနိုင်ခြေ ပိုများလာပြီဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၂၄ ခုနှစ် ဧပြီလကစပြီး နယ်စပ်ကို ခံတပ်အဖြစ် တည်ဆောက်ခဲ့တာကြောင့် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား ၂ နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ဒီနိုင်ငံ ၂ နိုင်ငံကိုတော့ ၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲရေးနဲ့ ပြီးဆုံးချိန်မှာ သတ်မှတ်ခဲ့တဲ့ စစ်မဲ့ဇုန်ကနေ ပိုင်းခြားထားပါတယ်။
Source: Reuters











