
ထိုင်းနိုင်ငံမှာ အပူချိန်အညွှန်းကိန်း ၅၂ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပြီး ဒါဟာ ပြည်သူ့ကျန်းမာရေးအတွက် အချက်ပေး ခေါင်းလောင်းသံဖြစ်လာတယ်လို့ The Nation ထိုင်းသတင်းမှာ မတ် ၂၅ ရက်က ဖော်ပြပါတယ်။
အပူချိန်နဲ့ စိုထိုင်းဆကိုပေါင်းစပ်တွက်ချက်ထားတဲ့ အမှန်တကယ်ခံစားရတဲ့ အပူချိန်အညွှန်းကိန်းက ၅၂ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းရတာကြောင့် ထိုင်းအာဏာပိုင်တွေက ဒါဟာ အလွန်အမင်း အန္တရာယ်ရှိတယ်လို့ ပြောလိုက်တာပါ။
ဒီအပူချိန်ပမာဏဟာ ခန္ဓာကိုယ်ရဲ့ အအေးခံစနစ်ကို ပျက်စီးစေပြီး အပူလျှပ်တာလို အသက်အန္တရာယ်ရှိတဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ပြည်သူ့ကျန်းမာရေးအတွက် ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတခု ဖြစ်လာနေသလို အန္တရာယ်အရှိဆုံး အုပ်စုတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ နာတာရှည်ရောဂါရှိသူတွေနဲ့ ပြင်ပထွက် အလုပ်လုပ်ကိုင်ရသူတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာတော့ အပူဒဏ်ကြောင့် သေဆုံးမှုနှုန်း မြင့်တက်လာနေသလို ၂၀၂၄ ခုနှစ် နွေရာသီ ပထမ ၂ လအတွင်း သေဆုံးသူအရေအတွက်ဟာ ၂၀၂၃ ခု နှစ် တနှစ်လုံး သေဆုံးသူအရေအတွက် နီးပါး တူညီနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ် အစောပိုင်းတုန်းက ထိုင်းမိုးလေဝသဌာနနဲ့ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်က ကျန်းမာရေးဦးစီးဌာနတို့က ထိုင်းနိုင်ငံတချို့နေရာတွေမှာ အပူချိန်အညွှန်းကိန်းက ၅၂ ဒီဂရီစင်တီဂရိတ်၊ ဒါမှမဟုတ် အဲဒီထက် ပိုမိုမြင့်တက်နိုင်ကြောင်း သတိပေးခဲ့သလို ဒါဟာ အဆင့် ၄ ဆင့်ရှိ သတိပေးစနစ်ထဲ အမြင့်ဆုံး အလွန်အမင်း အန္တရာယ်ရှိတဲ့ အနီရောင်အဆင့် ဖြစ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အပူချိန်အညွှန်းကိန်း ဆိုတာကတော့ လေထုအပူချိန်နဲ့ နှိုင်းရစိုထိုင်းဆ အချက် ၂ ချက်ပေါ် မူတည် တွက်ချက်ထားတဲ့ တန်ဖိုးဖြစ်ပြီး လူ့ခန္ဓာကိုယ်က အဆိုပါအချိန်တွင်း ဘယ်လောက်အထိ ပူပြင်းတယ်ဆိုတဲ့ အမှန်တကယ် ခံစားရတာကို ဖော်ပြတာဖြစ်ကာ ဒါက သာမန်တိုင်းတာရရှိတဲ့ လေထုအပူချိန်ထက် များစွာ ပိုမိုမြင့်မားလေ့ရှိတယ်လို့ ဆိုပါတယ်။
ဥပမာအားဖြင့် မတ်လကနေ မေလလယ်အထိ ထိုင်းနိုင်ငံရဲ့ နွေရာသီ စိုထိုင်းဆမှာ ပုံမှန်အားဖြင့် ၆၀ ကနေ ၇၅ ရာခိုင်နှုန်း ရှိတတ်တာကြောင့် လေထုအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်သာ ရှိပေမဲ့ အပူချိန်အညွှန်းကိန်းကတော့ ၅၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ ဖြစ်သွားနိုင်တာကြောင့် ကျန်းမာရေးဦးစီးဌာနက အပူချိန်တိုင်းကိရိယာကို ကြည့်ရုံတင်မကဘဲ အပူချိန်အညွှန်းကိန်းကိုပါ စောင့်ကြည့်ဖို့ အလေးအနက် တိုက်တွန်းထားတာပါ။
အပူချိန်အန္တရာယ် သတိပေးချက် ၄ ချက်ထဲမှာ အစိမ်းရောင်အဆင့်ဖြစ်တဲ့ ၂၇ ကနေ ၃၂ ဒသမ ၉ ဒီဂရီမှာတော့ နေရောင်အောက် အချိန်ကြာမြင့်စွာနေပါက ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာ၊ ဒါမှမဟုတ် အနီစက်ထွက်တာမျိုးတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
သတိပြုရမဲ့ အဝါရောင်အဆင့်ဖြစ်တဲ့ ၃၃ ကနေ ၄၁ ဒသမ ၉ ဒီဂရီမှာတော့ မူးမေ့တာ၊ ကြွက်တက်တာမျိုး ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
အန္တရာယ်ရှိ လိမ္မော်ရောင်အဆင့်ဖြစ်တဲ့ ၄၂ ကနေ ၅၁ ဒသမ ၉ ဒီဂရီမှာတော့ အပြင်ဘက် အချိန်ကြာကြာ လှုပ်ရှားသွားလာပါက အပူလျှပ်တာမျိုးဖြစ်ဖို့ အလားအလာ အလွန်များတယ်လို့ သတိပေးထားပြီး အလွန်အမင်းအန္တရာယ်ရှိ အနီရောင်အဆင့်ဖြစ်တဲ့ ၅၂ ဒီဂရီနဲ့အထက်ဆိုရင်တော့ ပြင်းထန်လှုပ်ရှားမှုတွေ မပြုလုပ်ဘဲနဲ့တောင် အသက်အန္တရာယ် ရှိနိုင်တယ်လို့ ဆိုပါတယ်။
မနေ့က မတ် ၂၅ ရက် နေ့စဉ် အပူချိန်အညွှန်းကိန်းအရ ဘန်ကောက်မြို့က အန္တရာယ်ရှိအဆင့်မှာ ရှိနေကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အပူချိန် ၅၂ ဒီဂရီနဲ့အထက် ခံစားချက်ကို ဥပမာပြရရင် နေပူထဲရပ်ထားတဲ့ ကားတံခါးကို အဲကွန်းမဖွင့်မီ ဖွင့်လိုက်တဲ့ ခံစားချက်မျိုးကို စဉ်းစားကြည့်နိုင်ပါတယ်။ ပိတ်ထားတဲ့ ကားအတွင်းခန်း အပူချိန်က ၆၀ ကနေ ၇၀ ဒီဂရီအထိ ရှိနိုင်ချိန် အပြင်ဘက် ၅၂ ဒီဂရီစင်တီဂရိတ် အပူချိန်အညွှန်းကိန်း ရှိနေတာက ၅၀ ဒီဂရီရှိ မီးဖိုရှေ့ ရပ်နေရသလို ခံစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
မီးဖိုရှေ့ ရပ်နေရုံနဲ့ မတူတာက လူတွေဟာ ငြိမ်ငြိမ်ရပ်နေကြတာ မဟုတ်ဘဲ လမ်းလျှောက်တာ၊ ဆိုင်ကယ်စီးတာ၊ ပစ္စည်းပို့တာ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ စတဲ့ လှုပ်ရှားမှုတွေက ခန္ဓာကိုယ်အတွင်း အပူချိန်ကို နောက်ထပ်တဆင့် ထပ်မံမြင့်တက်စေတာကြောင့် အန္တရာယ်ရှိလာတာလို့ ဆိုပါတယ်။
ခန္ဓာကိုယ်ကပေးတဲ့ သတိပေးလက္ခဏာတွေထဲမှာတော့ အပူကြောင့် ကြွက်တက်တာ၊ နုံးချိတာ၊ အပူလျှပ်တာမျိုးတွေထိ ဖြစ်နိုင်ပြီး တကယ်လို့ ဖြစ်လာခဲ့ပါက အရေးပေါ် ချက်ချင်း ၁၆၆၉ ကို ခေါ်ယူဖို့၊ လူနာကို အရိပ်ထဲရွှေ့၊ အဝတ်အစား လျှော့ချထားဖို့၊ လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံတို့ကို ရေအေးပတ် တိုက်ပေးဖို့ လူနာ သတိမရပါက ရေအတင်းမတိုက်ဖို့ စတာတွေကို လုပ်ဆောင်ကြဖို့ သတိပေးထားပါတယ်။
Source: The Nation










