DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းလုပ်သား ပန်းရောင်ကတ် လုပ်ထုံးလုပ်နည်း ပြင်ဆင်ပြီး မှတ်ပုံပြန်တင်ပေးရန် စီစဉ်
DVB
·
June 22, 2026
Photo: Labour Rights Foundation
Photo: Labour Rights Foundation
Donate to DVB

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေအတွက် အလုပ်သမားကတ်တွေကို အွန်လိုင်း e-WorkPermit လုပ်ဆောင်ရာမှာ နှောင့်နှေးကြန့်ကြာမှုနဲ့ မသမာမှုတွေပါ ရှိနေတာကြောင့် လုပ်ထုံးလုပ်နည်းတွေ ပြန်လည်မွမ်းမံပြင်ဆင်ကာ ပြန်လည်မှတ်ပုံတင်ပေးဖို့ စီစဉ်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) နဲ့ ရွှေ့ပြောင်းလုပ်သားများသွေးစည်းညီညွတ်ရေး အသင်း (MWSC) က ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်က ထိုင်းအလုပ်သမားဝန်ကြီး နိုင်းကျူလာဖန်း အမွန်ဝိဝပ်နဲ့ သွားရောက်တွေ့ဆုံပြီး လက်ရှိ ရွှေ့ပြောင်းလုပ်သားတွေ ကြုံတွေ့ နေရတဲ့ အခက်အခဲတွေ တင်ပြဆွေးနွေးခဲ့တာမှာ ဝန်ကြီးက e-WorkPermit စနစ် ပြင်ဆင်ပြီး အလုပ်သမားမှတ်ပုံတင်ခြင်းကိစ္စ ပြန်လုပ်ဆောင်မယ်လို့  ပြောခဲ့ပါတယ်။ 

LRF ဆက်သွယ်ရေးတာဝန်ခံ နန်းဆောင် ဆုထားဆိနိ ကယောင်လိတ်လိုင်က “e-WorkPermit  စနစ်နဲ့ အလုပ်သမားမှတ်ပုံတင်လျှောက်ထားတာ လုပ်နည်းအဆင့်များပြီး ရှုပ်ထွေးတယ်၊ စာရွက်စာတမ်း အများကြီးလိုတယ်၊ လုပ်ဆောင်ချိန် ကြာမြင့်တယ်၊ ရက်ချိန်းပေးတဲ့ တိုကင်ပြားကိုလည်း တော်တော်နဲ့မရဘူး၊ ကြားထဲမှာ ပွဲစားတွေက ဦးအောင်ယူထားနှင့်တယ်၊ တိုကင်ရဖို့ မစောင့်နိုင်ရင် ပွဲစားကို ငွေအများကြီးပေးရတယ်၊ အဲဒီလိုအခက်အခဲတွေကြောင့် ခုထိ အလုပ်သမားကတ်၊ ပန်းရောင်ကတ်မရသေးသူတွေ အများကြီးကျန်ရှိနေပါတယ်။ သူတို့ဟာ အမည်စာရင်းသွင်းထားတာ ကြာပြီဖြစ်ပေမဲ့ အထောက်အထားမရသေးတော့ လုံခြုံရေးအပြင် ကျန်းမာရေး၊ လူမှုဖူလုံရေး၊ အာမခံ၊ ဘဏ်စာရင်းဖွင့်ခွင့်၊ ဖုန်းဆင်းကတ်ဝယ်တာ၊ ကလေးမွေးစာရင်း မှတ်ပုံတင် စတဲ့ လုပ်ငန်းဆောင်တာတွေ ဘာမှလုပ်လို့မရဘူး။ အဲဒီအတွက် ဘယ်လို အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်မလဲလို့ တင်ပြမေးမြန်းခဲ့ပါတယ်” လို့ ပြောပါတယ်။ 

MWSC အလုပ်သမားအဖွဲ့ ကိုယ်စားလှယ် နိုင်းအဒီးဆွန် ကိတ်မုံးခွန်းကလည်း  “e-Work Permit ကနေ ရက်ချိန်းတိုကင်ရဖို့ကိစ္စ အလုပ်သမားတွေအတွက် အလွန်ခက်ခဲတယ်။ ကျနော် သိရတာ တိုကင်(ကျူ) ရဖို့ ပွဲစားတွေက တယောက်ကို ဘတ် ၂,၀၀၀ ထိ ယူကြတယ်။ စမွတ်စခွန်းမှာရှိတဲ့ တချို့ အလုပ်သမားတွေက မဲဆောက်ထိ ပြန်လုပ်ကြတယ်၊ လမ်းစရိတ်တွေလည်း အများကြီး ကုန်ပါတယ်။ သတ်မှတ်ထားတဲ့ကာလအတွင်း အလုပ်သမားကတ်ကို အချိန်မီမလုပ်နိုင်တဲ့အတွက် ဥပ‌ဒေဘောင်အပြင်ဘက် ရောက်သွားရသူတွေ အများကြီးရှိတယ်။ ယာယီဖြတ်ပိုင်းနဲ့ နေနေကြရသူတွေလည်း ဖြတ်ပိုင်းမှာ ကိုယ်ရေးရာဇဝင်အချက်အလက် မပြည့်စုံတော့ ဘာမှလုပ်လို့မရဘူး” လို့ တင်ပြပါတယ်။ 

အလုပ်သမားဝန်ကြီး နိုင်းကျူလာဖန်းကလည်း တင်ပြချက် အကြံပြုချက်အားလုံးကို လက်ခံဆွေး နွေးခဲ့တယ်။ e-WorkPermit စနစ်မှာ ကြားပွဲစားတွေ ခေါင်းပုံမဖြတ်နိုင်အောင်   ပိုမိုလျင်မြန်ကောင်းမွန်အောင် လုပ်ထုံးလုပ်နည်းတွေ မွမ်းမံပြင်ဆင်သွားမယ်။ ဒီစနစ်ကြောင့် ဥပဒေဘောင်ပြင်ပရောက်သွားတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အသစ်ပြန်လည်မှတ်ပုံတင်ပေးဖို့  သုံးသပ်ပြင်ဆင်နေတယ်၊ ဘတ်(လက်မှတ်)မရသေးခင် ယာယီအစားထိုးအသုံးပြုနိုင်မဲ့ စာရွက်စာတမ်းကို တရားဝင်ခိုင်မာအောင်ဆောင်ရွက်ပေးရမယ်လို့ ပြောပါတယ်။ 

ဒါ့အပြင် နိုင်းအဒီးဆွန်က “MOU စနစ်နဲ့ ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအရေးပါ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ သူတို့ဟာ ၄ နှစ်လုပ်ပြီးရင် မိမိနိုင်ငံမှာ ပြန်ပြီးသက်တမ်းတိုးပြီးမှ ပြန်ဝင်လာရမှာ ဖြစ်တယ်။ လောလောဆယ်  မြန်မာ MOU လုပ်သားတွေ ထိုင်းမှာ ၄၀၀,၀၀၀ ကနေ ၅၀၀,၀၀၀ ကြားမှာရှိတယ်။ ဒါပေမဲ့ သူတို့နိုင်ငံရဲ့  ပြည်တွင်းရေးပြဿနာတွေကြောင့် အလုပ်သမား ကတ်ပြန်လုပ်ဖို့ မသေချာမရေရာမှုတွေ ရှိနေတယ်။ ဒါကြောင့်  ထိုင်းနိုင်ငံထဲမှာပဲ သက်တမ်းတိုးခွင့်ရအောင် ဒါမှမဟုတ် MOU  ဒီကနေ လျှောက်ထားခွင့်ရအောင် နည်းလမ်းတွေ ရှာဖွေပေးဖို့ အကြံပြုခဲ့တယ်။ ဒါ့အပြင် အလုပ်သမားကတ် ပန်းရောင်ကတ်တွေ ထုတ်ပေးရာမှာ တနေရာတည်းနဲ့ အပြီးအစီးလုပ်လို့ရမဲ့ One Stop Service စင်တာ ဖွင့်လှစ်ပေးဖို့ကိုလည်း အကြံပြုခဲ့ပါတယ်” လို့ ပြောပါတယ်။ 

အလုပ်သမားဝန်ကြီး ကျူလာဖန်းကလည်း အကြံပြုချက်အားလုံးကို အစိုးရဝန်ကြီးများအစည်း အစည်းမှာ ဆက်လက်တင်ပြဆွေးနွေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

Source: transborder news

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013