
ဟန်ဂေရီနိုင်ငံအတွင်း ဆက်ပြီး မိုးခေါင်နေလို့ စိုက်ပျိုးရေးကဏ္ဍမှာ အများကြီး ဆုံးရှုံးနိုင်စရာ ရှိနေပြီး နောက်ဆက်တွဲ အကျိုးဆက်တွေက မွေးမြူရေး၊ ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းနဲ့ အစားအစာလုပ်ငန်းတို့အပေါ် သက်ရောက်လိမ့်မယ်လို့ ဟန်ဂေရီ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေး ပညာရှင်တယောက်က ပြောပါတယ်။
အခုနွေရာသီ အစပိုင်းကစပြီး ဟန်ဂေရီနိုင်ငံဟာ အပူချိန်မြင့်မားမှုနဲ့ မိုးခေါင်မှုဒဏ်ကို ခံစား ခဲ့ရပါတယ်။
မိုးလေဝသဌာနက လာမဲ့ရက်အနည်းငယ်အတွင်း အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်မယ်လို့ ခန့်မှန်းထားပါတယ်။
စိုက်ပျိုးရေး ဆုံးရှုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ ဘီလီယံကနေ ၁ ဒသမ ၅၈ ဘီလီယံလောက်အထိ ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
စီးပွားရေးပညာရှင် ဒေးဗစ် ဟော်လိုစီက ၂၀၂၀ ခုနှစ်ကစပြီး နွေရာသီ အပူလွန်ကဲမှု အလွန်အဖြစ်များခဲ့ပြီး မိုးနည်းတာနဲ့ မြေဆီလွှာအစိုဓာတ် ဆုံးရှုံးတာတွေကို ပိုဆိုးရွားစေတယ်လို့ ပြောပါတယ်။
အပူချိန်မြင့်ပြီး မိုးခေါင်လို့ ဟန်ဂေရီနိုင်ငံရဲ့ ပျမ်းမျှဂျုံအထွက်နှုန်းဟာ တဟက်တာကို ၄ တန်ကနေ ၅ တန်အထိသာ ထွက်ပါတယ်။
ပုံမှန်အခြေအနေတွေမှာ တဟက်တာမှာ ဂျုံအထွက်နှုန်းက ၅ ဒသမ ၅ တန်ကနေ ၆ တန်အထိ ထွက်ရှိနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။
Source: Reuters










