DVB Logo
Home
ဆောင်းပါး
နော်ဝေနိုင်ငံမှာ ကျနော် တွေ့ဖူးတဲ့ ဒွန်းစဏ္ဍားများ
DVB
·
April 5, 2026
နော်ဝေနိုင်ငံမှာ ကျနော် တွေ့ဖူးတဲ့ ဒွန်းစဏ္ဍားများ
Donate to DVB

ကျနော်က နော်ဝေမှာ ဒွန်းစဏ္ဍား သို့မဟုတ် သူတောင်းစားမရှိဘူးလို့ ထင်ခဲ့သူပါ။ ဒီလောက်ချမ်းသာတဲ့တိုင်းပြည်မှာ သူတောင်းစား မရှိနိုင်ဘူးလို့ တကယ့်ကို ရိုးအအ ခတ်တုံးတုံးလူတယောက်အနေနဲ့ တကယ်ကို အဲသလို ထင်ခဲ့တာပါ။ အစိုးရကလည်း စီမံခန့်ခွဲမှုကောင်းတော့ သူတောင်းစား မရှိဘူးလို့ ထင်ခဲ့တာအမှန်ပါ။

ပထမသတိပြုမိတာက အော်စလိုမြို့ ဗဟိုဘူတာရုံကြီးရှေ့ ကုန်းမြင့်ပေါ်ကအဆင်း ကားလမ်းနဲ့ ဓာတ်ရထားလမ်းကိုကျော်ရင် ဆေးဆိုင်တဆိုင်ရှိပါတယ်။ အဲဒီဆေးဆိုင်နဲ့ မလှမ်းမကမ်းမှာ ဆေးစွဲနေတဲ့လူ ကျား၊မ အယောက် ၃၀ ဝန်းကျင်။ လမ်းဘေးမှာ ထိုင်သူကထိုင် လမ်းသလားသူကသလား။

ဆေးဆိုင်က အက်ဖတမင်းလိုဆေးတွေကို ဆရာဝန်ရဲ့ထောက်ခံချက်နဲ့ ရောင်းပေးတဲ့ဆိုင်ပါ။ အဲသလိုဆေးတွေကို ဆိုင်ရှေ့မှာထိုင်ရင်း လာဝယ်တဲ့သူတွေဆီက ပြန်ဝယ်ပြီး သုံးနေကြတာပါ။ သူတို့က လမ်းသွားလမ်းလာတွေဆီကလည်း ပိုက်ဆံတောင်းပါတယ်။ လူရှေ့လာ လက်ဖြန့်ပြီး ခရိုနာ ၁၀ လောက်ပေးပါလို့ တောင်းကြတာပါ။ ထူးခြားချက်က သူတို့က ခရိုနာ ၁၀ ထက်လည်း ပိုမတောင်းကြဘူးဗျ။ အဲ အာရှသားတွေဆီကတောင်းရင် ၁၀ တောင်မတောင်းဘူး၊ ၅ ခရိုနာပဲ တောင်းကြတယ်ဗျ။ ဒါကတော့ ဆေးစွဲနေတဲ့သူတွေပါ။ သူတောင်းစားအဆင့် မဟုတ်သေးတဲ့ သူတွေပါ။

ကြားညှပ်ပြီးပြောရရင် နော်ဝေကြက်ခြေနီအိမ်ရာစခန်းမှာ ကျနော်သွားနေစဉ်က လူတယောက် ကျနော်တို့နေတဲ့အဆောင်ပေါ် တက်လာပါတယ်။ သူက ဘုရားစင်မှာထွန်းတဲ့အမွှေးတိုင်ရှိရင် ပေးပါလို့တောင်းတယ်။ ကျနော်တို့အဆောင်က အာရှသားတချို့ရှိတော့ ဘုရားကို အမွှေးတိုင်နဲ့ ပူဇော်တာ သူသိနေလို့ပါ။ မရှိတော့ မပေးလိုက်ရပါဘူး။ နောက်မှ သိရတာက ကျနော်တို့စခန်းနဲ့ မနီးမဝေးမှာ ဆေးဖြတ်တဲ့စခန်းရှိတယ်လို့သိရပါတယ်။ အဲဒီစခန်းက ဆေးဖြတ်သူတချို့က အနံ့ပြင်းတဲ့အမွှေးတိုင်ကို ဆေးမရှိလို့ ဆေးအစား ရှူကြတာလို့ဆိုပါတယ်။ ထားတော့ စကားညှပ် ပြောတာပါ။

တနေ့တော့ သူတောင်းစားအစစ်တယောက်ကို ကျနော်တွေ့ရပါတယ်။ သူက စုတ်ပြတ်နေတဲ့စောင်တွေ ခြုံထားတာပါ။ ဗဟိုဘူတာရုံရှေ့ ကုန်းမြင့်ပေါ်တက်တဲ့ လှေကားပေါ် အုတ်နံရံဘေးမှာ ထိုင်ပြီးတောင်းနေတာပါ။ ကျနော်က တွေ့ရခဲတဲ့ အခွင့်အရေးပဲဆိုပြီး သူ့ကို အဝေးကနေ မှန်ပြောင်းနဲ့ အနီးကပ်ဆွဲပြီး ဓာတ်ပုံရိုက်ပါတယ်။ ကျနော်က မှတ်တမ်းယူတဲ့ သဘောပါ။ ကျနော်ရိုက်တာ သူလည်းမသိပါဘူး။ ဒါပေမဲ့ ဘယ်ကထွက်လာမှန်းမသိတဲ့ "ဟေး" ဆိုတဲ့အော်သံကြားလိုက်ရလို့ ကျနော်လည်း အောက်ကိုဆင်းပြေး နီးရာဘတ်စ်ကားပေါ် တက်စီးခဲ့ပါတယ်။ နော်ဝေတွေက ဒီလိုအနေအထားတွေကို ဓာတ်ပုံရိုက်တာ မကြိုက်ကြပါဘူး။ ပြီးတော့ ကျနော့်ပုံက အာရှသားစစ်စစ်ပုံကလည်း ပေါ်လွင်နေတော့ မရိုက်ဖို့ အော်ပြောတဲ့ သဘောလို့ ထင်ပါရဲ့။ နောင်တချိန် နော်ဝေအတွေ့အကြုံကို "ဥရောပမဲဇာဆိုပြီး အခန်းဆက် ဆောင်းပါးတွေရေးတော့ ဒီအကြောင်း ထည့်ရေးခဲ့ပါသေးတယ်။ ဓာတ်ပုံကတော့ မတော်တဆ ပျောက်သွားလို့ ပုံကိုတော့ မသုံးလိုက်ရပါဘူး။ အဲဒီတုန်းက ကျနော်က အော်စလိုမြို့ စိန့် အိုလပ်စ်ပလပ်စ်လမ်းထဲက တော်လှန်ရေးအသံလွှင့်ဌာနမှာ အလုပ်လုပ်ပါတယ်။

ကျနော်တို့ အသံလွှင့်ဌာန လမ်းထဲကထွက်ရင် ဓားလွယ်ခုတ် ကိုက် ၁၀၀ လောက်မှာ ဓာတ်ရထားမှတ်တိုင်ရှိပါတယ်။ တနေ့ အဲဒီမှတ်တိုင်မှာ ထိုင်ပြီးပိုက်ဆံတောင်းနေတဲ့လူတယောက် တွေ့ပါတယ်။ သူက ဆံပင်တွေမုတ်ဆိတ်တွေ ထူလပြစ်နဲ့ ဝတ်စားထားတာကလည်း ပေရေ စုတ်ပြတ်နေတာပါ။ နောက်နေ့ကျတော့ အမျိုးသားပြတိုက်ရှိတဲ့ဘက် မှတ်တိုင် ၂ ခုကျော်ကို သူက နေရာပြောင်းသွားပါတယ်။ နွေဆိုတော့ အအေးဓာတ်က သိပ်မရှိတော့ ဒီအတိုင်း အမိုးအကာမရှိ ထိုင်တောင်းနေတာပါ။ သူက ကျနော်တို့ဆီက တောင်းစားသူတွေလို စီကာပတ်ကုန်း အော်ပြီး တောင်းနေတာမျိုး မဟုတ်ပါဘူး။ အချိန်အကြာကြီး သည်အတိုင်း ထိုင်လိုက်၊ အိပ်လိုက် လုပ်နေတာပါ။ သိသာတဲ့အချက်က အော်စလိုမှာ သူတောင်းစား သိပ်မရှိတဲ့အချက်ပါ။  သူတောင်းစား တယောက်တလေကို ကာရိုဟန်လမ်းမကြီးပေါ်မှာလည်း တွေ့ရပါတယ်။ အဲဒီလမ်းက ဘုရင့်နန်းတော်ရှေ့ကနေပြီး ဗဟိုဘူတာရုံကြီးအထိ ရှည်ပါတယ်။ လမ်းမကြီး နေရာအများစုက ကားမောင်းခွင့် မရှိပါဘူး။ ဖြတ်မောင်းလို့ပဲ ရပါတယ်။ 

ကာရိုဟန်လမ်းက အော်စလိုမှာ လူအစည်ဆုံးလမ်းပါ။ ခြေလျင်ပဲ သွားရတဲ့လမ်းပါ။ စနေ၊ တနင်္ဂနွေဆိုရင် လူတွေပိုစည်ပါတယ်။ လမ်းမကြီးဘေးတလျှောက် လူမျိုးပေါင်းစုံ ဂီတသမားတွေ ရောက်လာပြီး ဆိုကြတီးကြ။ သူတို့က အလှူခံတဲ့သဘောပါ။ သူတို့ရဲ့ ဦးထုပ်တွေ တံယောထည့်တဲ့အိပ် အဲဒါတွေ ရှေ့မှာချထားပြီး အလှူခံကြပါတယ်။ ကျနော်တွေ့တာ ဥရောပနဲ့ လက်တင်အမေရိက ဂီတသမားတွေ များပါတယ်။

ကျနော်နဲ့အတူတူ ကြက်ခြေနီစခန်းမှာ နေခဲ့ဖူးတဲ့ ပီးရူးမိတ်ဆွေ ၂ ယောက် အဲဒီ တနင်္ဂနွေနေ့မှာပဲ အဲဒီကာရိုဟန်လမ်းမကြီးပေါ်မှာ တွေ့ရလို့ အစတော့ တော်တော်အံ့ဩသွးရပါသေးတယ်။ သူတို့က စခန်းကနေလစ်ပြီး ဒီမှာ ဝါးနဲ့လုပ်တဲ့ဗုံတွေ ဝါးပုလွေတွေ တီးကြမှုတ်ကြ သီချင်းဆိုကြပြီး ဝင်ငွေလာရှာကြတာပါ။ သီချင်းလည်းဆိုပါတယ်။ အဝတ်အစားကအစ ပီးရူးကျေးတောသား ဝတ်စုံတွေနဲ့ပါ။ ပီးရူးတွေ ပုလွေမှုတ်တာ တော်တော် တော်ကြပါတယ်။ ပုလွေ လေးငါးချောင်း တန်းစီထားတာကိုမှုတ်တာပါ။

ကျနော့်ကိုတွေ့တော့ သူတို့လည်းအံ့ဩ ကျနော်လည်းအံ့ဩပေါ့။ ပြုံးရယ်ပြီး နှုတ်ကြပါတယ်။ ကျနော်က သူတို့ချထားတဲ့ခွက်ထဲ ပိုက်ထည့်မလိုလိုနဲ့ ခွက်ထဲကပိုက်ဆံကိုယူတော့ သဘောကျနေကြပါတယ်။ ပိုက်ဆံကိုပြန်ထားတော့ ကျနော့်ကို အတင်းပြန်ပေးနေပါသေးတယ်။

ဒီအကြောင်းကို ပြန်တွေးတော့ အသံလွှင့်ဌာနမှာ အတူတူအလုပ်လုပ်တဲ့ နိုင်ငံကျော်တေးသံရှင်  ကိုမွန်းအောင်ကို သတိရသွားရော။ ကျနော်တို့က ကိုမွန်းအောင်ကိုလည်း ကာရိုဟန်လမ်းမကြီးပေါ်မှာ ဂစ်တာနဲ့ဆိုတီး လာလုပ်ဖို့ ဝိုင်းတွန်းခဲ့ဖူးပါတယ်။ ဘာမှမလုပ်တတ်တဲ့ ကျနော်က ဘေးကအရန်ပေါ့။ လုပ်ပါကိုမွန်းအောင်ရယ်၊ ပိုက်ဆံ ခင်ဗျားမယူချင်လည်း ကျနော်တို့ယူမှာပေါ့၊ ကျနော့်တို့အခြေအနေ ခင်ဗျားသိတာပဲဟာ ဆိုပြီးပြောကြပါတယ်။ ကိုမွန်းအောင်က ပြုံးဖြီးဖြီးပဲလုပ်နေပါတယ်။ ဘယ်လိုပြောပြော သွားမဆိုဘူးဗျ။ ကာရိုဟန်လမ်းမကြီးပေါ်က သီချင်းဆိုသူ၊ တီးမှုတ်ကခုန်သူတွေက လူမျိုးစုံပါ။ အော်တခါများ စကော့တလန်ပု‌လွေမှုတ်သူတယောက်ကို စကတ်အတိုနဲ့ တွေ့လိုက်ရပါသေးတယ်။ 

သူတို့က တောင်းစားသူတွေတော့မဟုတ်ပါဘူး။ အနုပညာသမားတွေပါ။ သူတို့ကို လူတွေကလည်း တောင်းစားသူတွေဆိုတဲ့အကြည့်မျိုး ဆက်ဆံရေးမျိုး လုံးဝမရှိပါဘူး။ တချို့ဆို အချိန်အကြာကြီး ထိုင်နားထောင်ကြပါတယ်။ ကျနော်လည်း မကြာခဏသွားပြီး နားထောင်အားပေးတာပါပဲ။

ပြန်ဆက်ရရင် ထူးခြားတာက အဲသလိုနေရာတွေမှာကျ သူတောင်းစားတွေ မတွေ့ရပါဘူး။ သူတို့က ဖြတ်လမ်းနဲ့ လမ်းထောင့် တိုက်ဘေးလိုနေရာတွေမှာပဲတွေ့ရတတ်ပါတယ်။ ပြီးတော့ အိမ်ခြေယာခြေမရှိ အိုးမဲ့အိမ်မဲ့တွေလည်း တွေ့ရပါတယ်။ သူတို့ကကျတော့ ဝန်စည်စလယ်တွေနဲ့ပါ။ ထီးတွေ မိုးကာတွေ အခင်းတွေနဲ့ပါ။ သူတို့လည်း လက်ဖြန့် တောင်းကြပါတယ်။

အော်စလိုမှာ ခြေဦးတည့်ရာသွားလာနေသူ အိုးအိမ်မရှိသူတွေအတွက် ခဏတဖြုတ် လာနေလို့ရတဲ့ ကွန်မြွန်းသဘော တိုက်တလုံးရှိပါတယ်။ နေစရာမရှိသူတွေဆိုရင်  သုံးလေးရက်နေခွင့်ရှိပြီး ထမင်းလည်းကျွေးပါတယ်။ နော်ဝေကိုကျနော်မရောက်ခင် ၂ နှစ်လောက်က အဲဒီနေရာကို အိုးမဲ့အိမ်မဲ့တွေက အပိုင်စီးပြီး တလလောက်သိမ်းထားကြဖူးပါတယ်။ သူတို့က အဲဒီနေရာကို လွတ်မြောက်တဲ့ နယ်မြေသဘောလည်း ကြေညာပါတယ်။ တာဝန်ရှိသူတွေနဲ့ အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးပြီး ဖယ်ပေးလိုက်ကြတယ်လို့ဆိုပါတယ်။ သတင်းစာတွေထဲ တော်တော်ပါပြီး နော်ဝေတွေက စိတ်ဝင်စားကြတယ်လို့ ဆိုပါတယ်။ အဲဒီအဆောက်အအုံ တခုလုံး ရောင်စုံပိုစတာတွေ လက်သီးဆုပ်ပုံတွေ ဗွီပုံသဏ္ဍာန် လက် ၂ ချောင်းထောင်ထားတဲ့ပုံ ငြိမ်းချမ်းရေးအထိမ်းအမှတ်ပုံ ပြီးတော့ ချိုးငှက်ပုံကိုလည်း တွေ့ရပါတယ်။ ဟစ်ပီဒီဇိုင်းတွေ ရေးထားခြယ်ထားတာ အပြည့်ပါပဲ။ အဝင်အထွက်တံခါး‌ပေါ်မှာ ချေဂွေဗါးရားပုံကိုတောင် တွေ့ရပါတယ်။နိုင်ငံရေးနည်းနည်းပါတဲ့သဘော တွေ့ရပါတယ်။ ကျနော်ကတော့ ကိုယ်နေတဲ့နေရာနဲ့ သိတ်လည်းမဝေးတော့ ခဏခဏသွားကြည့်ပါတယ်။ ကျနော် သဘောအကျဆုံးက တိုက်ရဲ့ ခေါင်းရင်းဘက်အခြမ်းမှာ နော်ဝေ အိပ်စပရက်ရှင်းပန်းချီဆရာကြီး အက်ဗတ်မွန်ခ်ရဲ့ ခေါ်သံ Screem ပန်းချီကားပုံတူကြီး ဆွဲထားတာကို ကျနော်သိပ်ကြိုက်ပါတယ်။ မကြာခဏလည်း သွားသွားကြည့်ပါတယ်။

နိဂုံးချုပ်ရရင် နော်ဝေနိုင်ငံ ချမ်းသာတယ်ဆိုပေမဲ့ သူတောင်းစားနဲ့ အိမ်မြေယာမဲ့သူတွေကို နည်းနည်းတော့ တွေ့ဖူးခဲ့တယ်ဆိုပါတော့။

ငြိမ်းဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013