
ရခိုင်ပြည်နယ်၊ အမ်းနဲ့ မကွေးတိုင်း ပဒါန်းလမ်းရှိ ရိုးပေါ်က နတ်ရေကန်တောင် လေကြောင်းရန် ကာကွယ်ရေးစခန်းအနီး တိုက်ပွဲတွေကို ပြည်သူပိုင်ကားတွေချောဆွဲပြီး စစ်ကူထောက်ပို့ပေးနေတဲ့ စစ်တပ်ရဲ့ကားတွေကို အာရက္ခတပ်တော် (AA)က တိုက်ခိုက်လို့ အရာရှိအဆင့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးသွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။
ငဖဲမြို့နယ်အပိုင် နတ်ရေကန်ဗျူဟာအနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ အထိနာနေလို့ စစ်ကူအင်အားဖြည့်တင်းနေရာ မတ် ၂၃ ရက်က AA ရဲ့ တိုက်ခိုက်မှုကြောင့် အရာရှိအဆင့် စီးလာတဲ့ ကားအပါအဝင် စစ်ကူလာတဲ့ ကားတန်းတချို့ မီးလောင်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“သိရသလောက် စစ်ကူလာတဲ့ ကားတန်း မီးလောင်သွားတယ်။ တချို့ကားတွေမှာ ထောက်ပို့ ဦးဆောင်နေတဲ့ အရာရှိအဆင့် ပါတယ်လို့တော့ သိရတယ်။”
စစ်ကောင်စီတပ်က ရှေ့တန်းစစ်မြေပြင်ကို စစ်ကူပို့ရာမှာ စစ်ဘက်ဆိုင်ရာကားတွေကို မသုံးဘဲ ပြည်သူပိုင် အိမ်စီးကား၊ ဘုန်းတော်ကြီး ပိုင်တဲ့ကားနဲ့ လူမှုကူညီရေးကားတွေကို အတင်းအဓမ္မ ချောဆွဲပြီး အသုံးပြုနေတယ်လို့ ဒေသခံက ပြောပါတယ်။
အဆိုပါ ပြည်သူ့ပိုင်ကားတွေနဲ့ ရှေ့တန်းမှ ဒဏ်ရာရသူတွေကိုလည်း ကကစ ၁၄ နဲ့ ဆုန်ကုန်း အမြောက်ကြီးတပ်ကနေ တဆင့် မကွေးကို တင်ဆောင်ပြီးပို့ပေးနေပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “အခုက ၂ လမ်းလုံးကို ထိုးစစ်ဆင်နေတယ်။ စကစ ဘက်က ထိုးတက်ရင် တော်လှန်ရေးဘက်က ပစ်ချတယ်။ တော်တော်လေးအထိနာနေပြီ တချို့ တပ်ဖွဲ့ဝင်တွေဆို ဒဏ်ရာတွေရပြီး နောက်တန်းတွေမှာ သေတယ်လို့ သိရတယ်”လို့ ပြောပါတယ်။
နတ်ရေကန်ဘက်ကို စစ်ကောင်စီတပ်က အဓိက စစ်ကူပို့နေတာကတော့ ငဖဲမြို့အပိုင် ကပစ (၁၄) နဲ့ ပဒါန်းမြို့နယ် မစခ (၉၀၅) အမြောက်တပ်ကနေ ဖြစ်ပါတယ်။
အဲဒီစစ်ကူတွေဟာ လမ်းဟောင်း ပဇီရွာဘက်နဲ့ လမ်းသစ်ဂုတ်ကြီးဘက်ကို အဓိက ထိုးစစ်ဆင်နေတာဖြစ်ပြီး ဗျူဟာကုန်းအထိ ထိုးဖောက်နိုင်အောင် အင်အား ၇၀၀ ထက်မနည်း အသုံးပြုပြီး တိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။










