ဗင်နီဇွဲလားနိုင်ငံမှာ ဇွန် ၂၄ ရက် နေ့လယ်ပိုင်းက ပြင်းအား ၇ ဒသမ ၂ နဲ့ ၇ ဒသမ ၅ ရှိတဲ့ အင်အားပြင်းငလျင် ၂ ခု ဆက်တိုက်လှုပ်ခတ်သွားလို့ အနည်းဆုံး လူ ၂၃၅ ယောက် သေဆုံးကာ ၁,၅၀၀ ကျော် ဒဏ်ရာရပြီး လူ အယောက် ၂၀၀ ဝန်းကျင် အပျက်အစီးတွေအောက်မှာ ပိတ်မိနေတယ်လို့ အာဏာပိုင်တွေက ကြေညာပါတယ်။
ငလျင်ဟာ မြို့တော် ကရာကာ့စ်ရဲ့ အနောက်ဘက် မိုင် ၁၀၀ (၁၆၀ ကီလိုမီတာ) အကွာကို ဗဟိုပြု လှုပ်ခတ်သွားတာဖြစ်ပြီး အဆိုးရွားဆုံးခံရတာကတော့ ကမ်းရိုးတန်းပြည်နယ်တခုဖြစ်တဲ့ လာဂွိုင်ရာ ပြည်နယ် ဖြစ်ပါတယ်။
ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ဝေဟင်ဗီဒီယိုမှတ်တမ်းတွေအရ လာဂွိုင်ရာမြို့က လူနေအိမ်ခြေတွေ၊ စက်မှုအခြေခံအဆောက်အအုံတွေ အတော်များများ ပြိုကျပျက်စီးနေပြီး လမ်းမတွေပေါ်မှာလည်း အက်ကွဲကြောင်းကြီးတွေ ဖြစ်နေတာကို မြင်တွေ့ရပါတယ်။
အဆောက်အအုံပေါင်း ၂၅၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟိုဆေး ရိုဒရီဂတ်ဇ်က ပြောကြားပါတယ်။
ဇွန် ၂၅ ရက်မှာတော့ ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီဂတ်ဇ်ဟာ ငလျင်ဒဏ် အဆိုးဆုံးခံရတဲ့ လာဂွိုင်ရာပြည်နယ်၊ မာကူတိုမြို့ဆီ သွားရောက်ကြည့်ရှုခဲ့ပါတယ်။
သမ္မတ ရိုဒရီဂတ်ဇ်က “မနေ့က ဖြစ်ပွားခဲ့တဲ့ အင်အားပြင်း ငလျင်နှစ်ခုကြောင့် ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံတွေအောက်မှာ ပိတ်မိနေသူတွေကို လိုက်လံရှာဖွေပြီး ကယ်ဆယ်နိုင်ဖို့အတွက် ကျမတို့ အခု လာဂွိုင်ရာပြည်နယ်၊ မာကူတိုမြို့မှာ မိဘပြည်သူတွေနဲ့အတူ ရှိနေပါတယ်။ ထိခိုက်ခံစားရတဲ့ မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရသလို လိုအပ်တာတွေကိုလည်း ဝိုင်းဝန်းကူညီပေးနေပါတယ်။ အပျက်အစီးတွေအောက်ကနေ လူတွေကို အသက်ရှင်လျက်နဲ့ အများဆုံး ကယ်ထုတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ အားပေးပြောဆိုပါတယ်။
နိုင်ငံတကာဆီကနေ ကူညီကယ်ဆယ်ရေးတွေလည်း တောင်းခံထားပြီး ဒိုမီနီကန်သမ္မတနိုင်ငံ အပါအဝင် နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လေယာဉ်တွေ ကူညီဖို့ ရောက်ရှိလာနေပြီဖြစ်လို့ ပိတ်မိနေသူတွေကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတယ်လို့ သမ္မတ ရိုဒရီဂတ်ဇ်က ပြောပါတယ်။
လက်ရှိမှာတော့ လာဂွိုင်ရာက ကာရာဘယ်လ်ယီဒါနဲ့ လောစ့် ကိုရာလပ်စ်လို နေရာမျိုးတွေမှာ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးပုံတွေကို လိုက်လံတူးဆွပြီး ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေကို အသည်းအသန် ရှာဖွေနေကြပါတယ်။
လမ်းမတွေပေါ်မှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ရသလို အသက်ရှင် ကျန်ရစ်သူတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေရပါတယ်။
ဒီသဘာဝဘေးအန္တရာယ်ဟာ နှစ်ရှည်လများ စီးပွားရေးအကျပ်အတည်းကြောင့် အခြေခံအဆောက်အအုံတွေ ယိုင်နဲ့နေတဲ့ ဗင်နီဇွဲလားနိုင်ငံအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပိုပြီး အခက်တွေ့စေသလို လက်ရှိ ယာယီအစိုးရအတွက်လည်း ကြီးမားတဲ့ စိန်ခေါ်မှုတရပ် ဖြစ်နေပါတယ်။










