ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုကျွန်းတောင်ပိုင်း ကမ်းရိုးတန်းမှာ ဇွန် ၈ ရက်က လှုပ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်ကြောင့် သေဆုံးသူဦးရေဟာ ဇွန် ၁၆ ရက်မှာ ၆၈ ယောက်အထိ မြင့်တက်လာပြီး ဇွန် ၁၆ ရက် မနက်အထိ လူ ၃၃ ယောက် ပျောက်နေတုန်းပဲလို့ ဖိလစ်ပိုင် အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနဲ့ စီမံခန့်ခွဲရေးကောင်စီက ပြောပါတယ်။
အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၁၃ သိန်း ၈ သောင်း ထိခိုက်ခဲ့ပြီး အိမ်ခြေ ၆၈,၀၀၀ ပျက်စီးခဲ့တယ်လို့ ကောင်စီက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
အခြေခံအဆောက်အအုံ ဆုံးရှုံးမှုတန်ဖိုး ပီဆို ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇ သန်း) ကျော်လွန်ခဲ့ပြီး စိုက်ပျိုးရေးဆုံးရှုံးမှုတန်ဖိုး ပီဆို ၂၉ သန်း (အမေရိကန်ဒေါ်လာ ၄ သိန်း ၈ သောင်း) ကျော်လွန်ခဲ့ပါတယ်။
ငလျင်ဟာ ဒေသစံတော်ချိန် မနက် ၇ နာရီ ၃၇ မိနစ်မှာ လှုပ်ခတ်ခဲ့တာလို့ ဖိလစ်ပိုင် မီးတောင်နဲ့ ငလျင်ဗေဒ အင်စတီကျုက ပြောပါတယ်။
၃၃ ကီလိုမီတာ အနက်ရှိပြီး မင်ဒါနာအိုကျွန်းပေါ် ဆာရန်ဂါနီပြည်နယ်က မာဆင်မြို့ ကမ်းရိုးတန်းရဲ့ အနောက်တောင်ဘက် ၃၂ ကီလိုမီတာအကွာကို ဗဟိုပြု လှုပ်ခတ်တာလည်း ဖြစ်ပါတယ်။
အရှေ့တောင်အာရှက ကျွန်းစုနိုင်ငံတခုဖြစ်တဲ့ ဖိလစ်ပိုင်ဟာ ပစိဖိတ်သမုဒ္ဒရာကို ဝန်းရံထားပြီး မြင်းခွာပုံသဏ္ဌာန်ရှိတဲ့ ကျွန်းတွေနဲ့ ဖွဲ့စည်းထားတာပါ။
ပြင်းထန်တဲ့ ငလျင်နဲ့ မီးတောင်လှုပ်ရှားမှုတွေရှိတဲ့ ကျယ်ပြန့်တဲ့ မြင်းခွာပုံသဏ္ဌာန်ဇုန်ဖြစ်တဲ့ ပစိဖိတ် ‘မီးကွင်း’ တလျှောက်မှာရှိလို့ ငလျင်လှုပ်တာ၊ မီးတောင်ပေါက်ကွဲမှုနဲ့ ဆူနာမီလှိုင်းတွေရဲ့ ဒဏ်ကို မကြာခဏ ခံရလေ့ရှိပါတယ်။
Source: Reuters










