
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဂင်ပိတ်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဂင်ပိတ်ပင်ကို သိပ္ပံလို Basella rubra လို့ခေါ်ပြီး အင်္ဂလိပ်လို Malabar Spinach လို့ ခေါ်ပါတယ်။
ဂင်ပိတ်ပင်မှာ ကယ်လ်စီယမ်၊ ဖော့စဖရပ်စ်၊ သံဓာတ်၊ ဗီတာမင်A စတဲ့ အာဟာရ သတ္တုဓာတ်များနဲ့ gallic acid, γ-tocopherols, cycloartenylferulate ,squalene, Beta-carotene၊ Lutein နဲ့ Zeaxanthin စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဝမ်းပျော့စေခြင်း၊ အစာခြေလမ်းကြောင်းကို ကာကွယ်ပေးခြင်း၊ ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးခြင်း၊ ဘက်တီးရီးယား/ဗိုင်းရပ်စ်/အဏုဇီဝပိုးမွှားကို ဆန့်ကျင်ခြင်း၊ အာရုံကြောစနစ်ကို ထောက်ပံ့ပေးခြင်း၊ ကျောက်ကပ်ကို ကာကွယ်ပေးခြင်း၊ အသည်းကို ကာကွယ်ပေးခြင်း၊ ဆီးချိုရောဂါကို သက်သာစေခြင်း၊ သွေးသန့်စင်စေခြင်း၊ သွေးတွင်းအဆီ/သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးခြင်း၊ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးခြင်း၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊ သုက်ရည်ပမာဏကို တိုးပွားစေခြင်း၊ အရိုးကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ သွေးအားတိုးစေခြင်း၊ အိပ်ပျော်စေခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း၊ အနာကျက်စေခြင်း၊ အရေပြားကျန်းမာရေးကို မြှင့်တင်ပေးခြင်း စတဲ့ အစွမ်းအာနိသင်ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ဂင်ပိတ်ပင်ရဲ့ အရွက်၊ ပင်စည်၊ အမြစ်တို့ကို သုံးစွဲကြပါတယ်။
ဂင်ပိတ်ပင် ပါဝင်တဲ့ အချွဲဓာတ်ဟာ အစာခြေဖျက်မှုကို ချောမွေ့စေပြီး ကိုလက်စထရော စုပ်ယူမှုကို တားဆီးကာ ဝမ်းသွားရ လွယ်ကူစေပါတယ်။
ဗီတာမင် A ကြွယ်ဝတာကြောင့် ဂင်ပိတ်ပင်/ရွက်ကို အစားအစာအဖြစ် စားသောက်ပေးခြင်းဖြင့် မျက်စိအမြင်အာရုံကို ကောင်းမွန်စေပါတယ်။
အစားအစာများမှာ ဂင်ပိတ်ပင်/ရွက်ကို ပုံမှန်ထည့်သွင်းစားသောက်ခြင်းဖြင့် သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါကို ကာကွယ်နိုင်ပါတယ်။ အရိုးပွရောဂါကိုလည်း ကာကွယ်ပေးပါတယ်။
ပါးစပ်တွင်း အနာများအတွက် ဂင်ပိတ်အရွက် အစိမ်းကို ဝါးစားပေးနိုင်ပါတယ်။
ဝမ်းချုပ်ခြင်းအတွက် အရွက်ပြုတ်ရည် ဟင်းစားဇွန်း ၂ ဇွန်းကို သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။
ဂင်ပိတ်မှာ ဆီးသွားစေတဲ့ အာနိသင်ရှိတာကြောင့် အရွက်ဖျော်ရည်ကို တနေ့ ၁-၂ ကြိမ် သောက်သုံးခြင်းဖြင့် ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများကို သက်သာစေပြီး ခန္ဓာကိုယ်အတွင်း ရေဓာတ်စုပုံခြင်း ပြဿနာများကို လျော့ပါးစေပါတယ်။
ရာသီစက်ဝန်း မမှန်ခြင်းမှာ ဂင်ပိတ်ပင် အမြစ်ကို ကြိတ်ခြေပြီး အနှစ် ကော်ဖီ ၂ ဇွန်းခန့်ကို ဆန်ဆေးရည်နဲ့ ရောစပ်ပြီး မနက်ခင်း အစာမစားမီ တနေ့ ၁ ကြိမ် တလခန့် သောက်သုံးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
နို့တိုက်မိခင်များ အရွက်ဟင်းချိုကို သောက်သုံးပေးခြင်းဖြင့် မိခင်နို့ထွက်နှုန်း ပိုမိုကောင်းမွန်စေပါတယ်။
ဆီးချိုရောဂါဝေဒနာရှင်များ ဂင်ပိတ်ပင် အသင့်အတင့်ကို ပုံမှန် စားသုံးပေးခြင့်ဖြင့် ဆီးချိုထိန်းသိမ်းရာမှာ အထောက်အကူ ဖြစ်စေပါတယ်။
ဂင်ပိတ်ပင်/အရွက်ကို ထုထောင်းပြီး အနှစ် ဟင်းစားဇွန်း ၁ ဇွန်းကို မနက် အစာမရှိချိန် သောက်ပေးခြင်းဖြင့် သွေးတွင်းကိုလက်စထရောကို လျှော့ချပေးနိုင်ပြီး သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ သွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးပါတယ်။
ဂင်ပိတ်ရွက်သတ္တုရည် တခွက်စာကို နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းနဲ့ ရောစပ်ပြီး လိမ်းပေးခြင်းဖြင့် အသားအရေ ကြည်လင်လှပစေပါတယ်။
ထုထောင်းထားတဲ့ အရွက်အနှစ်ကို ခေါင်းမလျှော်မီ မိနစ် ၃၀ ခန့်အလိုမှာ ဦးရေပြားမှာ လိမ်းပေးခြင်းက ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။
အဆစ်အမြစ်ရောင်ရမ်းခြင်းနဲ့ နာကျင်ကိုက်ခဲခြင်းများမှာ ဂင်ပိတ်ပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်း ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
အမြစ်ကို ကြိတ်ခြေထားတဲ့ အနှစ်ကို ရောင်ရမ်းတဲ့နေရာမှာ လိမ်းပေးနိုင်ပါတယ်။
ဂင်ပိတ်ပင်/အရွက် အသင့်အတင့်ကို ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးကို သန့်စင်စေခြင်း၊ အသည်းကျန်းမာရေးကို မြင့်တင်ပေးခြင်း၊ ကိုယ်ခံအားကို ကောင်းမွန်စေခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ နာတာရှည်ရောဂါများကို ကာကွယ်ပေးခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိစေနိုင်ပါတယ်။
ဂင်ပိတ်ပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဂင်ပိတ်ပင်နဲ့ ဓာတ်မတည့်သူများ ဂင်ပိတ်ပင်ထွက် ပစ္စည်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ ဂင်ပိတ်ပင်ကို စားသောက်ခြင်း မပြုသင့်ပါ။
နွေဦးပြည်သူတွေ ဂင်ပိတ်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။











