DVB Logo
Home
မြန်မာသတင်း
စလင်းတွင် ပြည်သူ ၁ ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရ
DVB
·
March 19, 2026
Photo: U Nan Da
Photo: U Nan Da
Donate to DVB

မကွေးတိုင်း စလင်းမြို့နယ်မှာ မတ် ၁၆ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းနင်းမိလို့ ပြည်သူတယောက် ခြေထောက်ပြတ်သွားကာ အပြင်းအထန် ဒဏ်ရာရ သွားတယ်လို့ ဒေသခံတွေနဲ့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

စလင်းမြို့နယ် ပကဖတာဝန်ရှိသူတယောက်ဖြစ်တဲ့ ကိုပြည်သူက “ကပစ ၂၁ ကို ဓာတ်အားလိုင်း သွယ်ဖို့ ပခုက္ကူတပ်မ ၁၀၁ ကနေ အင်အား ၁၀၀ လောက်နဲ့ ကျန်ခဲ့တဲ့ ၃ လ လောက်ကတည်းက စလင်းမြို့နယ်ထဲမှာရှိတဲ့ စည်ဆွဲရွာမှာ အထိုင်ချ တပ်စွဲနေကြတာ။ ၁၅ ရက်နေ့ ညပိုင်းမှာ စစ်ကြောင်း ပြန်ဆုတ်သွားလို့ အဲဒီစစ်ကြောင်းကြောင့် ရှောင်နေရတဲ့ ရွာခံပြည်သူတွေ ရွာထဲ ပြန်ဝင်​ဖို့ အသက် ၄၀ လောက်ရှိတဲ့ အဲဒီ ရွာခံအမျိုးသားတယောက်က အခြေအနေ လာကြည့်တာမှာ စစ်ကြောင်းက ထောင်သွားတဲ့ မြေမြှုပ်မိုင်း နင်းမိပြီး ခြေတောက်ပြတ်သွားတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချ တပ်စွဲခဲ့တဲ့ စည်ဆွဲကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေ အနေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားခဲ့ကြတဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ကျေးရွာ အတွင်းကို ပြန်လည်ဝင်ရောက်တာတွေ မလုပ်ကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ပြီးမှသာ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်ကြဖို့လည်း မေတ္တာရပ်ခံထားတယ်လို့ သူက ဆက်ပြောပါတယ်။

မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားတဲ့ အဆိုပါအမျိုးသားရဲ့ နောက်ထပ်ခြေထောက် တဖက် အပြင် ခန္ဓာကိုယ်အနှံ့အပြားမှာ ဗုံးစထိမှန်တဲ့ဒဏ်ရာတွေ အပြင်းအထန် ရရှိခဲ့ပါတယ်။

ကူညီဆောင်ရွက်ပေးခဲ့သူတယောက်က “အဲဒီ စည်ဆွဲရွာက ပြည်သူတွေ တရွာလုံးနီးပါး စစ်ရှောင် နေရတာ ၃ လကျော်လောက်ရှိပြီ။ စစ်ကြောင်းလည်း ထွက်သွားပြီဆိုတော့ စစ်ရှောင်တွေပြန်ဝင်ဖို့ သူတယောက်တည်း ရွာအခြေအနေ လာကြည့်တာမှာ နင်းမိုင်းတန်းထိပြီး ဒဏ်ရာတွေပြင်းထန်လို့ ဖြစ်ဖြစ်ချင်းပဲ မကွေးဆေးရုံကို အရေးပေါ်ပို့လိုက်ရတယ်။ အခုလိုဖြစ်စဥ်မျိုးတွေ ထပ်မဖြစ်အောင် စစ်ရှောင် ရွာခံတွေအနေနဲ့လည်း ဘယ်သူမှ ရွာထဲကို ပြန်မဝင်သင့်သေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၁၅ ရက် ညပိုင်းမှာ စည်ဆွဲကျေးရွာကနေ ပြန်လည် ဆုတ်ခွာ သွားပေမဲ့ ဓာတ်အားလိုင်းသွယ်တန်းတဲ့လုပ်ငန်းတွေ မပြီးသေးတာကြောင့် နောက်တခေါက် ပြန်လည်တပ်စွဲလာမှာကို ဒေသခံတွေဘက်က စိုးရိမ်ပူပန်နေကြတယ်လို့လည်း သူက ဆက်ပြော ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်ကလည်း အဆိုပါစည်ဆွဲကျေးရွာမှာ အထိုင်ချ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် သန်းကုန်းကျေးရွာ အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လူနေအိမ်တချို့လည်း မီးလောင်ပျက်စီးခဲ့တယ် လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013