
စကော့တလန်အမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်းကို ခရီးဆောင်အိတ်ထဲထည့်ပြီး လူမနေတဲ့ အဆောက်အအုံဆီ သယ်ဆောင်သွားခဲ့တယ်လို့ အာဖဂန် အမျိုးသားတစ်ဦးက ဝန်ခံခဲ့ကြောင်း ဂရိရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
သေဆုံးသူဟာ အသက် ၃၈ နှစ်အရွယ် အဲလိဇဘက်-ဂျိန်းရော့စ် ဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့က အေသင်မြို့၊ ကစ်ပ်ဆယ်လီ ခရိုင်မှာ တွေ့ရှိခဲ့တာပါ။
ရော့စ်ဟာ ဇွန် ၂၆ ရက်က ဂရိနိုင်ငံကို ရောက်ရှိလာပြီး ပီရီယက်စ်ဒေသမှာ ဇူလိုင် ၁၀ ရက်နေ့အထိ နေထိုင်ခဲ့ပါတယ်။ အဲဒီနောက် အမေရိကန် မိတ်ဆွေတွေရှိတဲ့ ကစ်ပ်ဆယ်လီ ကို သွားမယ်လို့ ဇူလိုင် ၁၅ ရက်နေ့မှာ သူငယ်ချင်းတွေကို ပြောဆိုခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့တာပါ။
စုံစမ်းစစ်ဆေးမှုတွေအရ သံသယရှိသူ အသက် ၂၆ နှစ်အရွယ် အာဖဂန်အမျိုးသားကို ဖမ်းဆီးနိုင်ခဲ့ပြီး လူသတ်မှု၊ လုယက်မှုနဲ့ လက်နက်မှုတွေနဲ့ စွဲချက်တင်ထားပါတယ်။
သူဟာ သေဆုံးသူရဲ့ ဘဏ်ကတ်တွေကိုသုံးပြီး ငွေထုတ်ယူခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အဲဒီအမျိုးသားရဲ့ နေအိမ်ကို ရှာဖွေရာမှာတော့ ပစ္စတိုသေနတ်အတုတလက်နဲ့ ဓားတလက်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ဒီအမှုအတွက် ဂရိရဲတပ်ဖွဲ့ဟာ အမေရိကန်၊ ဗြိတိန်နဲ့ စကော့တလန်အာဏာပိုင်တွေအပြင် အင်တာပိုလ်နဲ့ပါ ပူးပေါင်းစုံစမ်းခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ သေဆုံးရတဲ့ အကြောင်းရင်းအမှန်ကို သိနိုင်ဖို့ ဓာတုဗေဒဆိုင်ရာ စစ်ဆေးမှုတွေကို အမြန်ဆုံး လုပ်ဆောင်နေတယ်လို့ သြဂုတ် ၁ ရက်နေ့မှာ ဂရိရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။










