
ဗင်နီဇွဲလားနိုင်ငံနဲ့ ရေနံဆိုင်ရာ သဘောတူညီချက်ရခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က ပြောပါတယ်။
သဘောတူညီချက်အရ ဒေါ်လာ ၂၀၉ ဘီလီယံကို ဗင်နီဇွဲလားနိုင်ငံကရမှာ ဖြစ်တယ်လို့ ယာယီ သမ္မတ ရိုဒရီဂတ်က ပြောပါတယ်။
အဲ့ဒီရေနံတွေကို ရေနံလုပ်ကွက် ၁၇ ခုကနေ ထုတ်ယူမှာဖြစ်တဲ့အကြောင်းလည်း ရိုဒရီဂတ်က တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။
သဘောတူညီချက်အရ ရေနံစည်ပေါင်း ၆၅ ဘီလီယံကျော် မကြုံစဖူး ရောင်းချနိုင်မှာဖြစ်တယ်လို့ ထရမ့်ပ်က သောကြာနေ့မှာ ပြောခဲ့တာပါ။
ထရမ့်ပ်က “အရေးပေါ်သတင်းကတော့ အမေရိကန်ဟာ ဗင်နီဇွဲလားနိုင်ငံနဲ့ ကမ္ဘာ့သမိုင်းတလျောက် အကြီးဆုံး ရေနံဆိုင်ရာသဘောတူညီချက်ရခဲ့ပါတယ်။ ဒီသဘောတူညီချက်အတွက် ကျနော့်ရဲ့ ဆုံးဖြတ်ချက်၊ နိုင်ငံခြားရေးဝန်ကြီးရူဘီရို၊ စစ်ပွဲရေးရာဝန်ကြီးဟက်ဆက်တို့ဟာ ဗင်နီဇွဲလားယာယီ သမ္မတနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သဘောတူညီချက်အရ အမေရိကန်ဟာ ဗင်နီဇွဲလားဆီ ကနေ ရေနံစည်ပေါင်း ၆၅ ဘီလီယံကျော် ရရှိမှာပါ။ ဒါဟာ အမေရိကန်မှာရှိတဲ့ ရေနံသိုက်တွေထက် ၂ ဆကျော်များတဲ့ ပမာဏပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေအနာဂတ်မှာ လောင်စာဆီကို ဈေးသက်သက်သာသာနဲ့ သုံးနိုင်မှာပါ”လို့ ပြောပါတယ်။
ဗင်နီဇွဲလားနဲ့ ရေနံဆိုင်ရာ သဘောတူညီမှုက အမေရိကန်နိုင်ငံရဲ့ ရေနံဈေးနှုန်း ကျဆင်းစေမှုကို အထောက်အကူဖြစ်စေကြောင်း၊ ဒီသဘောတူညီမှုက ၂ နိုင်ငံစလုံးအတွက် အောင်မြင်မှုဖြစ်ကြောင်း နဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၀ ဘီလီယံ နီးပါးအထိ တိုးတက်လာကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီရိုက ပြောပါတယ်။
အမေရိကန်နဲ့ ဗင်နီဇွဲလားတို့ဟာ ဆွေးနွေးမှုတွေ ရက်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီးနောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။
လာမဲ့အပတ်က စပြီး ဗင်နီဇွဲလားအာဏာပိုင်တွေဟာ ရေနံတူးဖော်မှုအသစ်တွေနဲ့ ရေနံထုတ်လုပ်ရေးလုပ်ငန်းတွေကို အမေရိကန်ကုမ္ပဏီတွေနဲ့ လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေတယ် လို့လည်း ရိုက်တာ ဖော်ပြပါတယ်။
ဗင်နီဇွဲလားနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ရှိတဲ့နိုင်ငံဖြစ်ပေမဲ့ တနေ့ကို ရေနံစည် ၁ ဒသမ ၂၅ သန်းသာ ထုတ်လုပ်လေ့ရှိပါတယ်။
ဗင်နီဇွဲလားနိုင်ငံဟာ အာဏာရှင်လက်အောက်မှာ နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ခံခဲ့ရတဲ့ နိုင်ငံဖြစ်သလို စီမံမှု အလွဲအမှားတွေနဲ့ ရင်းနှီးမြှုပ်နှံမှုနည်းပါးမှုတွေကြောင့် ရေနံထုတ်လုပ်နိုင်တဲ့ ပမာဏထက် နည်းပါးတဲ့ အရေအတွက်ကိုပဲ ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo:Reuters











