ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်မှာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ထုန်ချိုင်း ယင်ပရာဆတ်ကို ပစ်ခတ်ခဲ့တယ်လို့ လွှတ်တော်အမတ်ဟောင်း ချလောင် ရီယိုရန်က ဩဂုတ် ၁၀ ရက်မှာ ယူကျု တိုက်ရိုက်အစီအစဉ်ကို ဖုန်းဆက်ပြီး ဝန်ခံခဲ့ပါတယ်။
ဘန်ကောက်မြို့ မြောက်ဘက်က ခရိုင်အုပ်ချုပ်ရေးရုံးဝင်းမှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုကြောင့် ထုန်ချိုင်း သေဆုံးပြီး သူ့ရဲ့ကားမောင်းသူ ဒဏ်ရာရခဲ့ပါတယ်။
ချလောင်က ဖုန်းဆက်လာချိန် နိုင်ငံရေးဝေဖန်သူ အန်ချာလီ ပိုင်ရီရတ်က ယူကျုမှာ တိုက်ရိုက်ထုတ်လွှင့်နေပြီး ရဲလာတဲ့အထိ အဲဒီမှာပဲ စောင့်နေဖို့ သူ့ကို ပြောခဲ့ပါတယ်။
ချလောင်ကို နောက်ပိုင်း ဖမ်းဆီးခဲ့ပေမဲ့ ရဲစခန်းမှာ လက်ထိတ်မခတ်ဘဲ စီးကရက်သောက်ရင်း သတင်းစာရှင်းလင်းပွဲ လုပ်ခွင့်ရခဲ့ပါတယ်။
သေဆုံးသူရဲ့ မိသားစုကို တောင်းပန်ခွင့်ပေးဖို့ ရှင်းလင်းပွဲ ခွင့်ပြုခဲ့တာလို့ ရဲကဆိုပေမဲ့ ချလောင်က ဖြစ်စဉ်ကို ၆ မိနစ်ကျော် ရှင်းပြခဲ့ပါတယ်။
သူတို့ ၂ ယောက်ကြား ဘတ်သန်းပေါင်းများစွာတန်တဲ့ နှစ်ရှည်အကြွေးအငြင်းပွားမှုရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အခင်းဖြစ်ချိန်မှာ နှစ်ဖက်စလုံးမှာ သေနတ်ရှိပေမဲ့ CCTV မှတ်တမ်းမှာ ချလောင်တယောက်တည်းက ပစ်ခတ်ခဲ့တာ တွေ့ရတယ်လို့ ရဲက ဆိုပါတယ်။
ချလောင်ဟာ သူ့ပါတီဝင်ဟောင်းဖြစ်ပေမဲ့ ရဲတပ်ဖွဲ့ရဲ့ ဆက်ဆံမှုဟာ မမှန်ဘူးလို့ ဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက ဝေဖန်ပါတယ်။
“သူ ဘယ်သူပဲဖြစ်ဖြစ် အခုတော့ လူသတ်သမား ဖြစ်နေပြီ” လို့ အနုထင်းက ပြောပြီး ချလောင်ကို ဥပဒေအရ အပြည့်အဝ အရေးယူမယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်ဟာ ဩဂုတ် ၇ ရက် ကျောင်းပစ်ခတ်မှုအပြီး သေနတ်ထိန်းချုပ်ရေးဖိအား မြင့်တက်နေချိန်မှာ ထပ်ဖြစ်ခဲ့တာပါ။
၂၀၁၇ ခုနှစ် စစ်တမ်းအရ ထိုင်းနိုင်ငံမှာ အရပ်သားပိုင်သေနတ် ၁၀ ဒသမ ၃ သန်းခန့်နဲ့ အရှေ့တောင်အာရှမှာ ကိုင်ဆောင်မှုနှုန်း အမြင့်ဆုံးဖြစ်ပါတယ်။










