
ရေကြီးရေလျှံနေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ အမျိုးသားတယောက် ရေနစ်သေဆုံးခဲ့ပြီး တိရစ္ဆာန်တွေလည်း ရေစီးနဲ့မျောပါသွားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ တွေဆီက သိရပါတယ်။
ဩဂုတ် ၁၈ ရက် ညနေလောက်က ငါးသိုင်းချောင်းမြို့ ဘုရားလမ်းနဲ့ အောင်ဇေယျလမ်းဆုံဘက်မှာ အသက် ၃၀ အရွယ် အမျိုးသားတယောက် ရေစီးနဲ့မျောပါသေဆုံးခဲ့ပြီး ဒေသခံတွေ မွေးမြူထားတဲ့ ဝက်၊ ဆိတ် စတဲ့ အိမ်မွေး တိရစ္ဆာန်တွေပါ ရေစီးနဲ့မျောပါသွားတယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “သေဆုံး အမျိုးသားကို ဝိုင်းဝန်းကူညီဆယ်ယူခဲ့ပေမဲ့ ရေနစ်တဲ့ဒဏ်ကြောင့် သေဆုံးသွားတာ။ ရေစီးနဲ့မျောပါ ရေနစ်တာ။ ငါးသိုင်းချောင်းမှာ ရေအတော်ကြီးနေတယ်။ ရေစီးကလည်း တအားသန်တယ်” လို့ ပြောပါတယ်။
ရေစီးနဲ့မျောပါ သေဆုံးခဲ့တဲ့ အမျိုးသားကို ပရဟိတအဖွဲ့တွေ၊ မီးသတ်နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဒေသခံတွေနဲ့ အတူရှာဖွေခဲ့ပြီး ရှေးဦးပြုစုနည်းနဲ့ အသက်ကယ်ဖို့ ကြိုးစားခဲ့ကြပေမဲ့ ရေမွန်းထားတဲ့ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရတာလို့ ဆိုပါတယ်။
လတ်တလော ငါးသိုင်းချောင်းမြို့မှာ ငဝန်မြစ်ရေ မြင့်တက်လာမှုနဲ့ လေးမျက်နှာမြို့နယ်ဘက်က စီးဝင်လာတဲ့ ရေအရှိန်ကြောင့် ရေကြီးရေလျှံတာတွေ အဆိုးဆုံးဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ငါးသိုင်းချောင်းမြို့နဲ့ လေးမျက်နှာမြို့ကို ဆက်သွယ်ထားတဲ့ ငါးသိုင်းချောင်း-တလုတ်ထော်-လေးမျက်နှာ လမ်းပိုင်းမှာ ရေကျာ်နေတာကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတယ်လို့ သိရပါတယ်။











