
ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းဒေသမှာ မိုးရေချိန်များပြီး ရေကြီးရေလျှံတာ၊ မြေပြိုတာတွေကြောင့် ကူညီကယ်ဆယ်ရေးတွေ လုပ်နေကြရသလို ဒေသခံတွေလည်း ရေဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဥရုချောင်းရေဟာ ဇူလိုင် ၁၈ ရက် ညနေပိုင်းကစလို့ ရေလျှံပြီး ရပ်ကွက်နဲ့ ကျေးရွာတွေထဲ ရေဝင်လာတာကြောင့် တထပ်တိုက်နေအိမ်တွေ နစ်မြုပ်တာ၊ မိုးများပြီး မြေပြိုကျတာ၊ ချောင်းနဲ့ တံတားကျိုးတာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဖားကန့်ဒေသခံတယောက်က “လက်ရှိ မိုးကလည်း ရွာနေတုန်းပဲ၊ ရေနည်းနည်းပြန်ကျပြီးတော့ ပြန်တက်လာတာလည်း ဖြစ်တယ်။ လမ်းမကြီးတွေမှာတော့ သွားရလာရ ခက်ခဲနေတုန်းပဲ။ ရေကတော့ မကျသေးဘူး တက်နေတုန်းပဲ၊ ဖားကန့်နဲ့ ဆိုင်းတောင်သွားတဲ့ လမ်း စက်လှေဂိတ်မှာ ကား၊ ဆိုင်ကယ် သွားလို့မရဘူး။ စက်လှေနဲ့ တခါကူးရင် ဆိုင်ကယ် ၅ စီးတော့ ကူးပေးနေတယ်” လို့ DVB ကို ပြောပါတယ်။
ဒီနေ့မှာလည်း မရှီကထောင်၊ အေးမြသာယာ၊ မှော်ဝမ်း၊ ငှက်ပျောတောနဲ့ မြို့မရပ်ကွက်၊ ကျေးရွာတွေ ရေနစ်မြုပ်နေဆဲ ဖြစ်သလို ဖားကန့်နဲ့ ဆိုင်းတောင်သွားတဲ့လမ်းလည်း သွားလာလို့ မရသေးတာကြောင့် စက်လှေနဲ့ ကူးပေးနေရတယ်လို့ ဆိုပါတယ်။
အဲဒီလို ရေကြီးရေလျှံရတာဟာ ဒီနှစ် ဖားကန့်ဒေသက ဥရုချောင်း ရှင်းလင်းရေး မလုပ်နိုင်တာကြောင့်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေကထက် ရေကြီးတဲ့ဒဏ်ကို ပိုခံနေရတယ်လို့ ဆိုပါတယ်။
ဖားကန့်ဒေသခံတယောက်က “ရေကျော်နေတာက မှော်ဝမ်းအောက်လမ်းရယ်၊ အေးမြသာယာနဲ့ ဆန်းကြွယ်သွားတဲ့ လမ်းတွေရယ်၊ မရှီကထောင်လမ်းတွေရယ်၊ ယူမာလမ်းတွေပေါ့။ လုံးခင်းမှာတော့ ကျောက်ဝိုင်းလမ်းဆုံနေရာတွေပေါ့ ရေကျော်နေတယ်။ ရေက ဖားကန့်တကြောလုံး တက်နေတာ။ ရေနစ်တဲ့အိမ်ကလူတွေက တညတာ ဖြစ်သလိုနေလိုက်ရတာပေါ့။ တချို့ကတော့ ပြောင်းကြတာပေါ့။ ဗျူဟာကုန်း၊ ကလပ်ကုန်းအနီးနားက အိမ်တွေကတော့ ကျောင်းတွေကို ပြောင်းရွှေ့ကြရတယ်” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်ကစပြီး မိုးအဆက်မပြတ်ရွာတဲ့အတွက် ဖားကန့်ဒေသက ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်လာပြီး လက်ရှိမှာတော့ ရေကြီးရေလျှံတဲ့ နေရာတွေမှာ နေထိုင်တဲ့ အရပ်သားတွေကို လူမှုကူညီရေးအသင်းတွေက သွားရောက်ကူညီပေးနေတယ်လို့ သိရပါတယ်။
လုံးခင်းဒေသမှာတော့ လုံးခင်းအထက် မဇွတ်ယာန်၊ နမ့်ဆန်ရွာ၊ ဖားကန့်ဒေသ မမုံ၊ ဆိုင်းတောင်၊ တာမခံ၊ ဥရုချောင်းတကြော အားလုံး ရေနစ်မြပ်နေသလို မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းမှာ ရေကျော်နေလို့ ကုန်ကားတွေ မတက်နိုင်ဘဲ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လာနေပြီလို့ ဆိုပါတယ်။
မိုးတွင်းဖြစ်တာကြောင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေကိုတော့ ရပ်နားထားပေမဲ့ ရွှေတူးတာတွေတော့ အနည်းငယ်ရှိနေသေးတယ်လို့ သိရပါတယ်။
မနေ့ကလည်း မှော်ဝမ်းရပ်ကွက်မှာရှိတဲ့ နေအိမ် ၃ လုံး မြေပြိုကျတာကြောင့် ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိခဲ့ပေမဲ့ လူထိခိုက်တာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။











