
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့၊ Den Haag Central နဲ့ Utrecht Central station နေရာတွေမှာ ဇူလိုင် ၂၉ ရက်က ၃၈ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
လှုပ်ရှားမှုမှာသုံးထားတဲ့ အနီရောင်ထီးတွေပေါ်မှာ ၁၉၈၈ ခုနှစ် ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကနေ ပေါ်ထွန်းလာတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံနဲ့ ၈ သင်္ကေတကို ဖော်ပြထားပါတယ်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကနေ ၂၁ နွေဦးတော်လှန်ရေးကို ဆက်နွှယ်ဆင်းသက်လာတဲ့ မြန်မာ့ဒီမိုကရေစီတော်လှန်ရေး သမိုင်းကြောင်းနဲ့ ဒီမိုကရေစီအတွက် ဆက်လက်တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်၊ စိတ်ဓာတ်နဲ့ ကြိုးပမ်းမှုတွေကို ထင်ဟပ်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ခေတ်အဆက်ဆက် မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်ကျူးလွန်နေတဲ့ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ရေး၊ တရားမျှတမှုနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် နိုင်ငံတကာအသိုက်အဝန်းက ဆက်လက်အာရုံစိုက်ပေးဖို့ တောင်းဆိုတဲ့ သင်္ကေတပြ လှုပ်ရှားမှုတရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။










