
ရခိုင်ပြည်နယ်၊ တောင်ကုတ်-ပဲခူးတိုင်း၊ ပန်းတောင်းလမ်းပေါ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်သားတွေ အကျအဆုံး များနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
တောင်ကုတ်နဲ့ ပန်းတောင်းလမ်းရိုးပေါ်ရှိ လေလာတောင်အနီးအနားဝန်းကျင်နဲ့ ရခိုင်ရိုးမအောက်ခြေ၊ မသုန်ရွာအနီး ကပစ ၁၆ အနီးအနားဝန်းကျင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် (AA) တို့ မတ် ၂၄ ရက်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“တိုက်ပွဲကရပ်နေတာ တပတ်လောက်ရှိပြီ။ ဒီရက်ပိုင်းလေးပဲ ပြန်စတာ။ မနေ့ညမနက်ကဆိုရင် ကပစ ၁၆ ဘက်က AA ထိန်းချုပ်ထားတဲ့နေရာကို စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်တယ်။ နောက် တနေရာကတော့ လေလာတောင်ကနေ AA သိမ်းထားတဲ့ညောင်ကျိုးဘက်ကို စစ်ကြောင်းထိုးတဲ့ စစ်ကြောင်းနဲ့ဖြစ်နေတာ။”
ယမ်းချက်စက်ရုံ ကပစ ၁၆ ပတ်ဝန်းကျင်က စစ်အင်အား ၁၀၀ ကျော်ပါတဲ့စစ်ကြောင်းဟာ AA ထိန်းချုပ်ထားတဲ့ နေရာတွေထိထိုးစစ်ဆင် တိုက်ခိုက်ပေမဲ့ အကျအဆုံးတွေနဲ့ နောက်ဆုတ်သွားခဲ့ရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“မနေ့ည မနက်က ထိုးတဲ့စစ်ကောင်စီစစ်ကြောင်း ကပစ ၁၆ ဘက်ကို နောက်ဆုတ်ပေး လိုက်ရတယ်။ သူတို့ဘက်က အဓိက လေကြောင်းကို သုံးပြီးထိုးစစ်ဆင်တယ်။ လက်နက်လည်း ပစ်ကူပေးတယ်။”
ယမ်းချက်စက်ရုံ ကပစ ၁၆ ကို AA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အလွယ်တကူ တိုက်ခိုက်ခံရမှာစိုးလာတာကြောင့် ကပစ ၁၆ နဲ့ ၂ မိုင် ဝန်းကျင်မှာ ကာကင်းစခန်းတွေ တည်ဆောက်ထားသလို လက်နက်အင်အား၊ စစ်အင်အားတွေ ထပ်မံဖြည့်တင်းထားတယ်လို့ သိရပါတယ်။
အဲဒီအနီးအနားဝန်းကျင်မှာ အရင်ကထက် စစ်ကြောင်းထိုးလှုပ်ရှားမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။










