DVB Logo
Home
မြန်မာသတင်း
မစ္စတာ ကိုဖီအာနန် ဒုက္ခသည်များကို တွေ့ဆုံပြီးနောက် ရခိုင်ပြည်နယ်ခရီးစဉ် အဆုံးသတ်
DVB
·
September 7, 2016
မစ္စတာ ကိုဖီအာနန် ဒုက္ခသည်များကို တွေ့ဆုံပြီးနောက် ရခိုင်ပြည်နယ်ခရီးစဉ် အဆုံးသတ်
Donate to DVB

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်တွေဟာ ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမှာရှိတဲ့ ပဋိပက္ခဘေးဒုက္ခသည် စခန်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။

ကိုဖီအာနန်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက “ဒီကနေ့ သူက စစ်တွေမြို့အပြင်တ၀ိုက်မှာရှိတဲ့ ပဋိပက္ခကြောင့် ရွှေ့ပြောင်းနေထိုင်ရတဲ့လူတွေပေါ့၊ အဲဒါတွေကို သွားကြည့်တာပါ။ နောက် အောင်မင်္ဂလာရပ်ကွက်ကို သွားကြည့်တယ်။ အဲဒါပြီးတော့ မင်းဂံမှာရှိတဲ့ ပြန်လည်နေရာချထားတဲ့ ရခိုင်မိသားစုတွေ သွားကြည့်တယ်။ နောက် သက်ကယ်ပြင်မှာ စခန်းနဲ့နေနေတဲ့ အိုင်ဒီပီတွေပေါ့၊ အဲဒါတွေ သွားကြည့်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီအဖွဲ့ဟာ လွတ်လပ်တဲ့ကော်မရှင်အဖွဲ့ ဖြစ်တဲ့အတွက် ဒုက္ခသည်တွေနဲ့ ဆွေးနွေးပြောဆိုရာမှာ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့၊ သူ့အနေနဲ့ပါ ၀င်ရောက်နားထောင်ခွင့်မရှိလို့ ဆွေးနွေးပြောဆိုချက်တွေကို မသိရှိဘူးလို့ ဆိုပါတယ်။

ကိုဖီအာနန်ဟာ မနေ့ကတည်းက ရခိုင်ပြည်နယ်မှာ ရောက်ရှိနေတာဖြစ်ပြီး ခရီးစဉ်အတွင်း စစ်တွေဒေသခံတွေက ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြတဲ့အပေါ် ကိုဖီအာနန်က သူ့ခရီးစဉ် အောင်မြင်ကြောင်း ပြောဆိုခဲ့တယ်လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

“သူကတော့ သူလာတဲ့အတွက် သူ့ကို တက်တက်ကြွကြွ ကြိုဆိုတဲ့အတွက် သူ့အနေနဲ့တော့ အောင်မြင်တယ်ပေါ့၊ ၀မ်းမြောက်တယ်ပေါ့၊ ကျေးဇူးတင်ပါတယ်ပေါ့။ ဒါပဲ သူပြောသွားပါတယ်။ ဆန္ဒဖော်ထုတ်တဲ့အတွက် ဒါကတော့ လူတွေရဲ့ ဒီမိုကရေစီအရဆိုရင် ဆန္ဒဖော်ထုတ်တာ။ သူ့အနေနဲ့ ဒါ ဘာပဲပြောပြော သူလာတဲ့အတွက် ဒီလိုလုပ်တာဖြစ်တဲ့အတွက် သူ့အနေနဲ့ သူ့ခရီးစဉ်ဟာ အောင်မြင်တယ်ပေါ့။”

ကိုဖီအာနန်နဲ့အဖွဲ့ဟာ မနေ့ကတော့ စစ်တွေမှာ သံဃာတော်တွေ၊ ရပ်မိရပ်ဖတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပြည်နယ်လွှတ်တော် တာဝန်ရှိသူတွေအပြင် အစ္စလာမ်ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

မနေ့မနက်ပိုင်းက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာမှာတော့ ကိုဖီအာနန်က    ရခိုင်ပြည်နယ်အရေးကို ထိထိရောက်ရောက်စုံစမ်းပြီး မျှမျှတတဖြစ်အောင် ဘက်လိုက်မှုမရှိဘဲ ကောင်းရာကောင်းကြောင်းဖြစ်အောင် အကြံပေး တင်ပြသွားမယ့်အကြောင်း၊ စစ်တွေမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားတွေရဲ့အသံ၊ ရခိုင်ပြည်သူတွေရဲ့အသံကို နားထောင်ကာ မျှမျှတတ ဆောင်ရွက်သွားမယ့်အကြောင်း ပြောသွားပါတယ်။

ဒါပေမယ့် စစ်တွေမြို့မိမြို့ဖတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကတော့ ကိုဖီအာနန်နဲ့ တွေ့ဆုံပွဲမှာ သဘောထားရပ်တည်ချက် အမြင်တွေ ပြောဆိုတင်ပြခွင့် မရတဲ့အပေါ်  မကျေမနပ် ဖြစ်ခဲ့ကြရပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကတော့   ဒါဟာ အစီအစဉ်အရဖြစ်ပြီး ညနေပိုင်းမှာ တွေ့ဆုံခွင့်ပေးခဲ့တယ်လို့ ပြောပါတယ်။

“သူ့ရဲ့ မူလအစီအစဉ်ကိုက သူလာတဲ့ရည်ရွယ်ချက်ကို သူကရှင်းပြမှာ။ သူ့မှာ လူထုနဲ့တွေ့ဖို့ အစီအစဉ်က ညနေ ၄ နာရီမှာမှ တွေ့ဖို့အစီအစဉ်ရှိတယ်။ ဘာကြောင့်လာလဲ၊ သူဘယ်သူဖြစ်ပါတယ်၊ သူ ဘယ်လိုအတွေ့အကြုံတွေ ရှိပါတယ်၊ သူ ဒီမှာ ဘာလာလုပ်ပါမယ် ဆိုတာလေးကို နှုတ်ခွန်းဆက်ပြောဖို့အတွက်ပဲ စီစဉ်ထားတာ။ ဒီအစီအစဉ်လေးကို ကျနော်တို့ကလည်း လူထုကို ကြိုတင်ရှင်းပြထားခြင်း မရှိလိုက်ဘူးပေါ့နော်။ အဲဒီမှာ သဘောထားလေး နည်းနည်းလွဲသွားတာပါ။”

မစ္စတာ ကိုဖီအာနန်ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ စစ်တွေကနေ ရန်ကုန်ကို ပြန်လည်ထွက်ခွာလာပြီး နေပြည်တော် ဆက်လက်ထွက်ခွာကာ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး မနက်ဖြန်ညနေ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ရှိပြီး နောက်တနေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013