DVB Logo
Home
မြန်မာသတင်း
ကိုဖီအာနန်ကို စစ်တွေဒေသခံများ လေဆိပ်တွင် ဆန္ဒပြ
DVB
·
September 6, 2016
ကိုဖီအာနန်ကို စစ်တွေဒေသခံများ လေဆိပ်တွင် ဆန္ဒပြ
Donate to DVB

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း၊ နိုဘယ်လ်ဆုရှင် ကိုဖီအာနန် ဦးဆောင်မယ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို အလိုမရှိကြောင်း စစ်တွေဒေသခံ ရာချီပြီး  ဒီနေ့မနက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ကိုဖီအာနန် ဒီနေ့မနက် ၉ နာရီခွဲလောက် စစ်တွေလေဆိပ်ကို ရောက်မယ်လို့ သတင်းရရှိတဲ့အတွက် ဒေသခံတွေဟာ စစ်တွေလေဆိပ်မှာ သွားရောက်ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဆန္ဒပြရတာနဲ့ပတ်သက်ပြီး ဦးဆောင်ဆန္ဒပြသူ ဒေါ်ကျော့စိန်က နိုင်ငံခြားသား ဦးဆောင်မယ့် ကော်မရှင်မှာ ဘက်လိုက်မှုရှိတဲ့အတွက် အယုံအကြည်မရှိလို့ ဆန္ဒပြတာလို့ ပြောပါတယ်။

“ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ကို အလိုမရှိလို့ ကျမတို့ ပြည်သူပြည်သားတွေက ဒါကို လုံးဝ လက်မခံနိုင်လို့ ဆန္ဒပြပွဲကို ဦးဆောင်ပြီးတော့ ကျမက လုပ်လိုက်တာပါ။ အထင်ကတော့ အဲလို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို လုပ်ဆောင်မယ်လို့ ထင်ရတာပေါ့နော်။ ဒါပေမယ့် အရင်တုန်းက ယန်ဟီးလီတို့ ရောက်လာတယ်။ သူတို့ပြန်သွားလို့ရှိရင် ဘင်္ဂါလီနဲ့ ရခိုင်တွေကိုပဲ ရန်တိုက်သလို ဖြစ်သွားပြီးတော့  ဘက်လိုက်မှုတွေ အမျိုးမျိုးနဲ့ ကမ္ဘာ့ကုလသမဂ္ဂမှာ တင်ပြတော့ ကျမတို့ ရခိုင်တွေပဲ နစ်နာမှုရှိတယ်။ အဲဒါမျိုးတွေ ကျမတို့က အခါခါ ကြုံဖူးတဲ့အတွက် အခု ဒီကော်မရှင်အဖွဲ့ အနေနဲ့လည်း အဲဒီလိုလုပ်လိုက်မယ်ဆိုလို့ရှိရင် ကျမတို့ ရခိုင်ပြည်သူတွေကပဲ အများကြီးနစ်နာမှာ။”

ဆန္ဒပြသူတွေကတော့ ရခိုင်ပြည်နယ်အရေး ပြည်ပနိုင်ငံသား စွက်ဖက်မှု အလိုမရှိ၊ ဘက်လိုက်မှုကို လက်မခံ၊ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ကို လက်မခံ စတဲ့ပိုစတာတွေ ကိုင်ဆောင် ကြွေးကြော်ဆန္ဒပြကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း၊ နိုဘယ်လ်ဆုရှင် ကိုဖီအာနန်ကတော့ စက်တင်ဘာ ၃ ရက်က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး ၅ ရက်နေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ်အရေး ပြဿနာစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ့် အကြံပြုနည်းလမ်းတွေကို ရှာဖွေဖို့ မျက်နှာမလိုက်ဘဲ အပြင်းအထန် ကြိုးပမ်းအားထုတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အဖွဲ့ဝင် ၉ ဦးပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ ကိုဖီအာနန် အပါအ၀င် နိုင်ငံခြားသား ၃ ဦး ပါဝင်နေတာနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက အပြင်းအထန် ကန့်ကွက်ထားသလို ကော်မရှင်ကို မြန်မာနိုင်ငံသားတွေနဲ့သာ ဖွဲ့စည်းဖို့ လွှတ်တော်မှာလည်း အရေးကြီးအဆို တင်သွင်းဆွေးနွေးမှုတွေ ရှိနေပါတယ်။

ကိုဖီအာနန်ရဲ့ ဒီနေ့  ရခိုင်ပြည်နယ် ခရီးစဉ်အတွင်းမှာ အစိုးရပိုင်းက တာဝန်ရှိသူတွေ၊ လူမှုအလွှာစုံက ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံမယ်လို့ ကိုဖီအာနန် ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ပါတယ်။

ကိုဖီအာနန်ဟာ သမ္မတ ဦးထင်ကျော်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ စက်တင်ဘာ ၈ ရက် ကြာသပတေးနေ့မှာ တွေ့ဆုံဖို့ရှိတယ်လို့လည်း အတည်ပြုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013