
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် လက်ထုတ်ကြီးပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
လက်ထုတ်ကြီးပင်ကို သိပ္ပံလို Holarrhena antidysenterica လို့ခေါ်ပြီး အင်္ဂလိပ်လို Conessi tree, conessi bark လို့ ခေါ်ကြပါတယ်။
လက်ထုတ်ကြီးပင်မှာ steroidal alkaloids, flavonoids, phenolic acids, tannins, triterpenoids, resin, coumarins, saponins,ergosterol , conessine, kurchine, kurchicine, holarrhimine, conessimine, iso-conessimine, conimine, conarrhimine, conaine, holacetin,conkurchin စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ ဆီးချိုရောဂါကို သက်သာစေခြင်း၊ မှိုပိုးနဲ့ အဏုဇီဝပိုးမွှားများကို တိုက်ဖျက်ပေးခြင်း၊ အစာလမ်းကြောင်းကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ အူလမ်းကြောင်းရှိ ပိုးမွှားများကို ဖယ်ရှားပေးခြင်း၊ အစာစားချင်စိတ်ကို တိုးစေပြီး အစာခြေစွမ်းအားကို မြှင့်တင်ပေးခြင်း၊ ပျို့အန်ခြင်းကို သက်သာစေခြင်း၊ ကိုယ်အပူချိန်ကျစေခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေခြင်း၊ လိပ်ခေါင်းသွေးယိုခြင်းကို တားဆီးခြင်း၊ အနာကျက်စေခြင်း ၊စတဲ့ အစွမ်းအာနိသင်ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ လက်ထုတ်ကြီးပင်ရဲ့ အခေါက်၊ အရွက်၊ အစေ့နဲ့ ပန်းပွင့် တို့ကို သုံးစွဲကြပါတယ်။ ကလေးငယ်တွေ သွေးဝမ်းသွားခြင်းအတွက် လက်ထုတ်ကြီးခေါက်နဲ့ နွားမြင်ရင်းဥမှုန့် ဆတူရောစပ်ပြီး ကော်ဖီ ၁ ဇွန်းကို ရေနွေးပူပူမှာ ၅ မိနစ်လောက် စိမ်ပြီးနောက် အရည်စစ်ထုတ်ပြီး ပျားရည်ကော်ဖီဇွန်းဝက်ရောစပ်ကာ ဆားပုပ် ငရုပ်ကောင်းစေ့ ၁ စေ့စာလောက် ထည့်ပြီး တနေ့ ၂-၃ တိုက်ကျွေးပေးနိုင်ပါတယ်။
လိပ်ခေါင်းသွေးယိုခြင်းအတွက် လက်ထုတ်ကြီးခေါက်နဲ့ ချင်းခြောက် ပြုတ်ရည်ကို အအေးခံပြီး တခါသောက် ဟင်းစားဇွန်း ၁ ဇွန်း တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
အစာမကြေခြင်းနဲ့ ဗိုက်နာခြင်းတို့အတွက် လက်ထုတ်ကြီးခေါက်အမှုန့် ကော်ဖီဇွန်းဝက်ကို ဆားအနည်းငယ်ထည့်ကာ အစားမစားမီ နာရီဝက်ခန့်မှာ ရေနွေးနဲ့ သောက်ပေးနိုင်ပါတယ်။
ပျို့အန်ခြင်းများမှာ လက်ထုတ်ကြီးခေါက်အမှုန့်ကို လှော်ပြီး တခါသောက် ကော်ဖီဇွန်းဝက်ကို ရေနွေးနဲ့ သောက်ပေးနိုင်ပါတယ်။
လက်ထုတ်ကြီးပင်ဟာ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်းနဲ့ တောင့်တင်းခြင်းတို့ကို လျှော့ချပေးနိုင်ပြီး အဆစ်အမြစ်ရောင်ရောဂါနဲ့ ဂေါက်ရောဂါတွေအတွက် အခေါက်ပြုတ်ရည် ဟင်းစားဇွန်း ၁ ဇွန်းကို ဆီးဖြူသီးမှုန့်၊ မန်ကျည်းမှည့် ကော်ဖီဇွန်းဝက်စီ ထည့်ပြီး တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို လျှော့ချပေးပြီး ခန္ဓာကိုယ်တွင်း အင်ဆူလင်ထုတ်လုပ်မှုကို ထိန်းညှိပေးတာကြောင့် ဆီးချိုရောဂါဗဝဒနာရှင်တွေ သွေးတွင်းသကြားဓာတ် အနိမ့်အမြင့်အပေါ် မူတည်ပြီး အခေါက်မှုန့် ကော်ဖီ ၁ ဇွန်းကို မန်ကျည်းမှည့် ကော်ဖီဇွန်းဝက်လောက်နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
သွားဖုံးပြည်ယိုခြင်း၊ သွားဖုံးသွေးယိုစီး၊ ရောင်ရမ်းနာကျင်ခြင်းတို့အတွက် လက်ထုတ်ကြီးခေါက်မှုန့်ကို သွားနဲ့ သွားဖုံးသိပ်ပေးခြင်း ပြုတ်ရည်ကို ငုံပေးခြင်း ပြုလုပ်ပေးနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးခြင်းကိုလည်း သက်သာစေပါတယ်။
ဖျားနာခြင်းများမှာ လက်ထုတ်ကြီးခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် ချွေးစေးပြန်ခြင်း၊ ရေအလွန်အမင်းငတ်ခြင်း၊ တုန်ရီခြင်းနဲ့ ခန္ဓာကိုယ်ပူစပ်ပူလောင်ဖြစ်ခြင်းလို ဖျားနာခြင်းနဲ့ ဆက်စပ်တဲ့ လက္ခဏာတွေကို လျှော့ချပေးပါတယ်။
သံကောင်/တုတ်ကောင်ရောဂါတွေမှာ အခေါက်မှုန့် ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၁ ကြိမ် ၃ ရက်ခန့် သောက်ပေးနိုင်ပါတယ်။
ကျောက်ကပ်မှာ ကျောက်တည်ခြင်း၊ ဆီးအနည်ထိုင်ခြင်း၊ ဆီးကျိတ်ရောင်ရမ်းခြင်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေမှာ အခေါက်ပြုတ်ရည် ဟင်းစားဇွန်း ၁ ဇွန်းကို ကျောက်ဖရုံသီး ဖျော်ရည် ရေနွေးကြမ်းပန်းကန် ၁ ခွက်နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
လက်ထုတ်ကြီးအခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်၊ သံပုရာရည် ကော်ဖီ ၁ ဇွန်း၊ ပျားရည် ကော်ဖီ ၁ ဇွန်း နဲ့ တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် ချွဲသလိပ်တွေကို ဖယ်ရှားပေးပြီး အသက်ရှူလမ်းကြောင်း ရောင်ရမ်းမှုကို လျှော့ချပေးတဲ့ အပြင် နာတာရှည်ချောင်းဆိုးခြင်းနဲ့ ပန်းနာရင်ကျပ်ရောဂါ သက်သာစေပါတယ်။
လက်ထုတ်ကြီးအခေါက်မှုန့် ကော်ဖီ ဇွန်းဝက်လောက်ကို ပုံမှန်အသုံးပြုခြင်းဖြင့် ခန္ဓာကိုယ်အားအင်ကို တိုးပွားစေပြီး ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပါတယ်။ နှင်းခူ၊ ဝဲ၊ မှိုပိုးဝင်ခြင်းနဲ့ အရေပြားပြဿနာတွေမှာ အခေါက်ကို သွေးပြီး လိမ်းပေးနိုင်ပါတယ်။
လက်ထုတ်ကြီးပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ မအီမသာဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ လက်ထုတ်ကြီးပင်နဲ့ဓာတ်မတည့်သူတွေ လက်ထုတ်ကြီးပင်ထွက် ပစ္စည်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ လက်ထုတ်ကြီးပင်ကို သောက်ဆေးအဖြစ် သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူတွေ လက်ထုတ်ကြီးပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။











