အင်တာမီလန်အသင်း ကစားသမားတွေနဲ့ ပရိသတ်တွေဟာ ချန်ပီယံဖလား ၂ လုံး ဆွတ်ခူးနိုင်ခဲ့ပြီးနောက် မြို့ထဲလှည့်လည် အောင်ပွဲခံခဲ့ကြပါတယ်။
မေ ၁၇ ရက်က San Siro Stadium အပြင်ဘက်မှာ အင်တာမီလန် ပရိသတ်သောင်းချီ စုဝေးခဲ့ကြပြီး စီးရီးအေချန်ပီယံအသင်းဟာ မြို့ထဲမှာ အမိုးဖွင့်ဘတ်စ်ကားနဲ့ ဖလား ၂ လုံးစလုံးကို သယ်ဆောင်ပြီး အောင်ပွဲခံခဲ့ကြတာပါ။
အသင်းရဲ့ အနက်နဲ့ အပြာရောင် ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ပရိသတ်တွေကလည်း လမ်းတလျှောက် စုရုံးခဲ့ကြပြီး အလံတွေဝှေ့ယမ်းကာ မီးရှူးမီးပန်းတွေဖောက်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။
ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကလည်း စီးရီးအေဖလားနဲ့ ကိုပါအီတာလီယာဖလားတို့ကို ပြသခဲ့ကြပါတယ်။
အင်တာမီလန်ဟာ ဒီလ အစောပိုင်းက ၂၁ ကြိမ်မြောက် စီးရီးအေလိဂ်ဖလား အနိုင်ရရှိခဲ့ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကိုပါအီတာလီယာ ဗိုလ်လုပွဲမှာ လာဇီယိုကို ၂ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ပြည်တွင်းလိဂ် ဖလား ၂ လုံးကို ရရှိခဲ့တာ ဖြစ်ပါတယ်။











