
စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်က စားအုန်းဆီ ပြင်ပဈေးကွက်မှာ တပိဿာကို ကျပ် ၁၇,၀၀၀ အထိ ဈေးတက်လာတာကြောင့် စားသုံးသူတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။
နေပြည်တော်ထဲက ပြင်ပစားအုန်းဆီဈေးကွက်မှာ မတ်လ ပထမအပတ်က စားအုန်းဆီ တပိဿာ ငွေကျပ် ၁၁,၀၀၀၊ မတ်လ ဒုတိယအပတ်က စားအုန်းဆီ တပိဿာ ငွေကျပ် ၁၅,၀၀၀ နဲ့ မတ်လ တတိယအပတ်ကနေ မတ် ၃၁ ရက်အထိ စားအုန်းဆီ တပိဿာငွေ ကျပ် ၁၇,၀၀၀ အထိ ဈေးတဖြည်းဖြည်းမြင့်တက်လာတယ်လို့ ဆိုပါတယ်။
နေပြည်တော် တပ်ကုန်းမြို့နယ်က အရပ်သားတယောက်က “ဈေးကတော့ အတက်ကြီးပဲ။ စက်သုံးဆီအပြင် စားဆီပါ ဈေးထပ်တက်လာတယ်။ ရည်ညွှန်းဈေးနဲ့ ဝယ်မရပါဘူး။ ဘယ်ဆိုင်ဝယ်ဝယ် ဈေးက ညှိထားသလိုပဲ။ အခုလောက်ကြီးကြတော့ မလွယ်ဘူး။ ထပ်တက်ဖို့တောင် ရှိတယ်လို့ ဈေးကွက်ထဲက ပြောနေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေနဲ့ မတ်လအတွင်း စားအုန်းဆီ အခြေခံရည်ညွှန်းဈေးဟာ တပိဿာ ၆,၅၀၀ ကျော် အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး သတ်မှတ်ဈေးနဲ့ တကယ် မြေပြင်မှာ ဝယ်မရတာဟာ စားအုန်း ဆီသယ်ယူစရိတ် ကုန်ကျမှုတွေ များလာတာကြောင့်လို့ ဆိုပါတယ်။
နေပြည်တော် မြို့မဈေးက စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “စားဆီ အဝင်နည်းနေတာနဲ့ လက်ကျန်ဆီ နည်းနေတာကြောင့် စားအုန်းဆီဈေး ခုန်တက်သွားတာလို့ သိရပါတယ်။ စက်သုံးဆီ အခက်အခဲကြောင့်လည်း ကုန်စည်သယ်ယူရေး လုပ်ငန်းတွေမှာ ထိခိုက်နေတယ်။ ကုန်ကျစရိတ်တွေ များနေတယ်” လို့ ပြောပါတယ်။
နေပြည်တော်မှာ စားအုန်းဆီဈေး တက်လာတဲ့အပြင် ပဲဆီ၊ နှမ်းဆီနဲ့ ဟင်းသီးဟင်းရွက်ဆီတွေလည်း ဈေးတက်လာပြီး စက်သုံးဆီ အခက်အခဲကြောင့် ကုန်စည်သယ်ယူရေးလုပ်ငန်းတွေ ထိခိုက်လာကာ လာမဲ့ သင်္ကြန်ကာလအကြို ဧပြီလမှာ စားသောက်ကုန်ဈေးတွေ ဈေးထပ်တက်လာနိုင်တယ်လို့ စားသောက်ကုန် ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဒါ့အပြင် ပိဿာချိန်အပြည့် မဝယ်နိုင်တဲ့ အရပ်သားတွေအနေနဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေထဲက ကုန်စုံဆိုင်တွေမှာ စားအုန်းဆီ တပိဿာ ကျပ် ၂၀,၀၀၀ အထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။










