
ဂရိနိုင်ငံရဲ့ မြို့တော် အေသင်မြို့နားက တာနာဂရာလေဆိပ်မှာ စက်တင်ဘာ ၅ ရက်က ကျင်းပတဲ့ လေကြောင်းပြပွဲအတွင်း လူ ၂ ယောက်ထိုင် F-4 ဖှန်တွန် တိုက်လေယာဉ်တစင်း ပျက်ကျခဲ့တယ်လို့ ဂရိလေတပ်အရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
လေကြောင်းပြပွဲကို ကြည့်နေတဲ့ ပရိသတ်တွေရဲ့ ဗီဒီယိုမှတ်တမ်းမှာ မီးခိုးမည်းတွေ မီတာရာဂဏန်းခန့်အထိ မြင့်တက်လာတာကို တွေ့ရပါတယ်။
လေယာဉ်ပေါ်ပါတဲ့ လေယာဉ်မှူး ၂ ယောက်စလုံး သေဆုံးခဲ့တယ်လို့ မီဒီယာတွေက သတင်းထုတ်ပါတယ်။
လူထောင်ချီ ပွဲကြည့်နေပေမဲ့ လူအုပ်ထဲက ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ အဲရိုတိုင်းမ်စ် သတင်းဌာနက ဖော်ပြပါတယ်။
လေတပ်စခန်းက အသံချဲ့စက်တွေက လူတွေကို အဲဒီနေရာကနေ ထွက်သွားဖို့ တိုက်တွန်းနေကြတယ်လို့ ERT သတင်းက ရေးပါတယ်။
လေယာဉ် ပျက်ကျမီးလောင်မှုကြောင့် အရေးပေါ် တုံ့ပြန်ဖို့ အကြီးအကျယ် လှုံ့ဆော်ခဲ့ရပြီး ရဟတ်ယာဉ် ၂ စင်းက မီးကို ငြှိမ်းသတ်နေခဲ့ပါတယ်။
မီးလောင်လို့ အနားက စိုက်ခင်းတွေဆီ မီးကူးစက်ပျံ့နှံ့သွားလို့ မီးသတ်သမား ၈၅ ယောက်၊ ယာဉ် ၂၃ စီး၊ မီးသတ်လေယာဉ် ၁၁ စင်းနဲ့ ရဟတ်ယာဉ်တွေသုံးပြီး မီးငြှိမ်းသတ်ခဲ့ရပါတယ်။
မီးလောင်မှုကြောင့် သီတင်းပတ်ကုန်ရက်က ပျံသန်းမဲ့ အစီအစဉ်တွေ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။











