အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဂါဇာစစ်ပွဲ အဆုံးသတ်ရေး အစီအစဉ်အပေါ် စိုးရိမ်ချက်တွေ ရှိတယ်လို့ အစ္စရေးက ဩဂုတ် ၃ ရက်မှာ ပြောကြားခဲ့ပြီး ပါလက်စတိုင်းနယ်မြေကို ဆက်လက်တိုက်ခိုက်နေပါတယ်။
လူသိရှင်ကြား ထုတ်ပြန်ထားတဲ့ အစီအစဉ်ဟာ အစ္စရေးရဲ့ ရပ်တည်ချက်ကို မထင်ဟပ်ဘူးလို့ ဝန်ကြီးချုပ်ရုံးက ဆိုပါတယ်။
ဒီအခြေအနေဟာ ထရမ့်ပ်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု တို့ကြား သဘောထားကွဲလွဲမှု နောက်ဆုံးလက္ခဏာ ဖြစ်ပါတယ်။
ဟားမတ်စ်အဖွဲ့အနေနဲ့ နောက်တကြိမ် လက်နက်ပြန်မကိုင်နိုင်အောင် ခိုင်ခိုင်လုံလုံ စစ်ဆေးနိုင်တဲ့ နည်းလမ်းနဲ့ လုံးဝလက်နက်ဖြုတ်သိမ်းဖို့ အစ္စရေးဝန်ကြီးချုပ်ရုံးက တောင်းဆိုထားပါတယ်။
ဟားမတ်စ်ကတော့ ထရမ့်ပ် အစီအစဉ်အရ သူတို့ရဲ့ လက်နက်တွေကို ဖွဲ့စည်းကာစ ပါလက်စတိုင်း အုပ်ချုပ်ရေးကော်မတီထံ လွှဲပေးမယ်လို့ ဇူလိုင် ၃၁ ရက်မှာ ကြေညာထားပါတယ်။
ဒါပေမဲ့ အောက်တိုဘာ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဟားမတ်စ်က လက်နက်ပြန်စုဆောင်းပြီး တပ်ဖွဲ့ဝင်သစ်တွေ ခေါ်ယူနေတယ်လို့ အစ္စရေးက စွပ်စွဲပါတယ်။
အပစ်အခတ်ရပ်စဲမှုကြောင့် တိုက်ခိုက်မှုတွေ ကျဆင်းလာခဲ့ပေမဲ့ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ပါလက်စတိုင်း ၁,၂၀၀ ကျော် သေဆုံးခဲ့တယ်လို့လည်း ဂါဇာအာဏာပိုင်တွေက ပြောပါတယ်။
ဇူလိုင် ၃၀ ရက်က ထုတ်ပြန်တဲ့ ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ လမ်းပြမြေပုံမှာတော့ အစ္စရေးကို စစ်ဆင်ရေးချက်ချင်းရပ်ပြီး ဂါဇာကနေ အဆင့်လိုက်ဆုတ်ခွာဖို့ တောင်းဆိုထားပါတယ်။
ဒါပေမဲ့ ဩဂုတ် ၂ ရက် အစောပိုင်းကစပြီး အစ္စရေးတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ပါလက်စတိုင်း ၁၉ ယောက် သေဆုံးခဲ့တယ်လို့ ဂါဇာလုံခြုံရေးအရာရှိက ပြောပါတယ်။
Source: Reuters










