တောင်ကိုရီးယား အမျိုးသားဘောလုံးအသင်းဟာ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် ရှုံးထွက်အဆင့်ကနေ ထွက်ခဲ့ရပြီးနောက် တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ် (KFA) အပေါ် ပြည်တွင်းမှာ လူထုဒေါသတွေ အပြင်းအထန် ထွက်ပေါ်နေချိန် ဇူလိုင် ၂ ရက်မှာ အသင်းနည်းပြ ရာထူးကနေ နုတ်ထွက်သွားတဲ့ နည်းပြဟောင်း ဟောင်မြောင်ဘိုဟာ အမေရိကန်ကို ထွက်ခွာသွားပါတယ်။
သူ နိုင်ငံကို ဘယ်တော့ပြန်လာမလဲဆိုတာ မသိသေးဘူးလို့ ဟောင်မြောင်ဘိုက တောင်ကိုရီးယားရုပ်သံလိုင်း MBC ကို ပြောပါတယ်။
တောင်ကိုရီးယားအသင်းဟာ အသင်း ၄၈ သင်းအထိ တိုးမြှင့်လိုက်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသစ်မှာ ချက်သမ္မတနိုင်ငံကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပေမဲ့ မက္ကဆီကို၊ တောင်အာဖရိကတို့ကို ၁ ဂိုး ဂိုးမရှိနဲ့ ဆက်တိုက်ရှုံးနိမ့်ပြီး အုပ်စုအဆင့်ကနေ မတက်နိုင်ဘဲ ဖြစ်ခဲ့ရတာပါ။ ဒီလိုရှုံးနိမ့်မှုကြောင့် ဘောလုံးကွင်းပြင်ပအထိ ဂယက်တွေ အကြီးအကျယ် ရိုက်ခတ်ခဲ့ပါတယ်။
သမ္မတ အီဂျယ်မြောင် ကလည်း အသင်းရှုံးနိမ့်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားသလို ပရိသတ်တွေနဲ့ လွှတ်တော်အမတ်တွေကလည်း ၂၀၂၄ ခုနှစ်တုန်းက ဟောင်မြောင်ဘိုကို နည်းပြအဖြစ် ခန့်အပ်ခဲ့တဲ့အပေါ် ဘောလုံးအဖွဲ့ချုပ် (KFA) ကို ဝေဖန်မှုတွေ ပြန်လုပ်လာကြပါတယ်။
အဲဒီတုန်းက ခန့်အပ်မှုဟာ ဘောလုံးအဖွဲ့ချုပ်ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာ ဖြစ်တယ်လို့ အားကစားဝန်ကြီးဌာနက ပြောခဲ့ဖူးပေမဲ့ တရားမဝင်လုပ်ဆောင်ခဲ့တဲ့ သက်သေတော့ မတွေ့ရှိခဲ့ပါဘူး။
တောင်ကိုရီးယားရဲ့ နာမည်ကြီး ဘောလုံးသမားဟောင်းတယောက်ဖြစ်တဲ့ ဟောင်မြောင်ဘို ကတော့ အခုလို ပြိုင်ပွဲက ထွက်ခဲ့ရတဲ့အတွက် သူ့မှာပဲ တာဝန်အားလုံး ရှိပါတယ်လို့ ပြောထားပါတယ်။
လာမဲ့အပတ်ထဲမှာ အာဏာရ ဒီမိုကရက်တစ်ပါတီက ကမ္ဘာ့ဖလားရှုံးနိမ့်မှုနဲ့ ဘောလုံးအဖွဲ့ချုပ် စီမံခန့်ခွဲမှုတွေအပေါ် လွှတ်တော်တွင်း ကြားနာပွဲတခု ပြုလုပ်ဖို့ ရှိနေပေမဲ့ ဟောင်မြောင်ဘိုက အမေရိကန်ကို ထွက်ခွာသွားတာကြောင့် စုံစမ်းစစ်ဆေးရေးနဲ့ ကြားနာပွဲတွေ ဘာဆက်ဖြစ်မလဲဆိုတာ မရေမရာ ဖြစ်သွားရပါတယ်။
Source: Reuters











