ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းမှာ အင်အား ၇ ဒသမ ၈ ရှိတဲ့ အင်အားပြင်း ငလျင်ကြီး ဇွန် ၈ ရက်က လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲငလျင်ငယ် ရာချီ လှုပ်ခတ်ခဲ့ပါတယ်။
ဇွန် ၉ ရက် နေ့လယ်ပိုင်းအထိ သေဆုံးသူ ၃၇ ယောက်နဲ့ ဒဏ်ရာရသူ ၄၈၇ ယောက် ရှိလာပါတယ်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန တာဝန်ရှိသူ ဘာနာဒို အလက်ဇန္ဒရိုက သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ပြီး လက်ရှိမှာ လူရှာဖွေကယ်ဆယ်ရေးကို ဦးစားပေး လုပ်ဆောင်နေသလို နေအိမ် ၂,၀၀၀ နီးပါးနဲ့ အစိုးရကျောင်း ၆,၀၀၀ လောက် ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
ငလျင်ကြောင့် အဆောက်အအုံတွေ ပြိုကျပြီး လမ်းတွေလည်း မြေပြိုမှုကြောင့် ပိတ်ဆို့နေသလို ကျွန်းရဲ့ နေရာအတော်များများမှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေပါတယ်။
ငလျင်လှုပ်ချိန်မှာ ကျောင်းသားအများစုဟာ ကျောင်းပြင်ပ ကွင်းပြင်မှာ တနင်္လာနေ့ လုပ်နေကျ စုဝေးပွဲ လုပ်နေကြတာကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့ကြတာလို့ သိပ္ပံဝန်ကြီး ရီနာတို ဆိုလီဒမ်က ပြောပါတယ်။
ဂျင်နရယ်ဆန်းတို့စ်မြို့မှာရှိတဲ့ နာမည်ကြီး ဂျောလီဘီကြက်ကြော်ဆိုင် အဆောက်အအုံ ပြိုကျသွားတဲ့ ဗီဒီယိုဟာလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အစိုးရယန္တရား တခုလုံးကို အသုံးပြုဖို့ ညွှန်ကြားထားပေမဲ့ ဝေးလံတဲ့ ဒေသတွေမှာတော့ မြေပြိုလို့ လမ်းမကြီးတွေ ပိတ်ဆို့နေတာကြောင့် ကယ်ဆယ်ရေးပစ္စည်းတွေကို လေကြောင်းကနေပဲ ပို့ဆောင်နေရပါတယ်။
အခုငလျင်ဟာ နိုင်ငံတောင်ဘက်စွန်း ပင်လယ်အောက်ကြမ်းပြင်မှာရှိတဲ့ ကိုတာဘာတို မြေလွှာချောက်နက်ကြီး ရွေ့လျားမှုကြောင့် ဖြစ်ပေါ်ခဲ့တာပါ။
အဲဒီချောက်နက်ကြီးဟာ ငလျင်ကြီးတွေ ဖြစ်ပေါ်လေ့ရှိတဲ့ နေရာဖြစ်ပြီး ၁၉၇၆ ခုနှစ်ကလည်း အင်အား ၇ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခဲ့လို့ ဆူနာမီကြောင့် လူ ၅,၀၀၀ လောက် သေဆုံးခဲ့ပါတယ်။










