
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကြာဖက်ကြီးပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
ကြာဖက်ကြီးပင်ကို သိပ္ပံလို Leea macrophylla လို့ ခေါ်ပြီး အင်္ဂလိပ်လို Leea လို့ ခေါ်ပါတယ်။
ကြာဖက်ကြီးပင်မှာ glycosides, phenolics, saponin, flavonoids, leucoanthocyanidins, p-hydroxybenzoic acid, syringic acid, gallic acid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ ကပ်ပါးပိုးကို တိုက်ဖျက်ခြင်း၊ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ လိင်စွမ်းအားကို မြှင့်တင်ပေးခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို လျှော့ချပေးခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း၊ ကိုယ်ဝန်ကို ဆန့်ကျင်ခြင်း၊ အနာကျက်စေခြင်း စတဲ့ အာနိသင်များ ရှိပါတယ်။
ဆေးဖက်ဆိုင်ရာမှာ ကြာဖက်ကြီးပင်ရဲ့ အမြစ်၊ အမြစ်ဥ၊ အရွက်၊ အစေ့ တို့ကို သုံးစွဲကြပါတယ်။
အိမ်ထောင်ရှင် အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ခြင်းကို ကာကွယ်ဖို့အတွက် အပင်အမြစ်သွေးရည် ဟင်းစားဇွန်း ၁ ဇွန်းကို တလ ၁ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
အမျိုးသားတွေ လိင်ပိုင်းဆိုင်ရာ အားနည်းခြင်းအတွက် အမြစ်ဥမှုန့် ကော်ဖီ ၁ ဇွန်းကို နွားနို့ ၁ ခွက်နဲ့ တနေ့ ၁ ကြိမ် ၇ ရက်လောက် သောက်သုံးပေးခြင်းဖြင့် တိုးတက်မှုရစေပါတယ်။
အနာတွေ၊ အနာစိမ်းတွေ၊ ပွေး၊ ဝဲနဲ့ မှိုပိုးဝင်ခြင်းတွေမှာ အမြစ်ကို ထုထောင်းကြိတ်ခြေပြီး အနှစ်ကို အနာပေါ်တွင် အုံပေးခြင်း၊ လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။
အမြစ်မှုန့် ကော်ဖီ ၁ ဇွန်းကို ထောပတ်ကြည် အနည်းငယ်နဲ့ ရောစပ်ပြီး မနက်မှာ သောက်သုံးပေးပါက အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။
အရွက်၊ အမြစ်တို့ကို ကြိတ်ခြေပြီး ဆီနဲ့ ရောစပ်ကာ ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုနဲ့ လေဖြတ်ခြင်း ဝေဒနာတွေအတွက် ပြင်ပလိမ်းဆေးအဖြစ် လိမ်းပေးခြင်းဖြင့် နာကျင်တောင့်တင်းခြင်းတွေကို လျော့ပါး သက်သာစေပါတယ်။
အဆစ်အမြစ်ရောင်ရောဂါ၊ ဂေါက်ရောဂါနဲ့ အဆစ်အမြစ်ကိုက်ခဲနာတို့အတွက် အမြစ်မှုန့် တခါသောက် ကော်ဖီ ၁ ဇွန်းကို တနေ့ ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။ အရွက်ကို ထုထောင်းပြီး လိမ်းပေး/အုံပေးခြင်းဖြင့် နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။
အနာစိမ်းနဲ့ သွေးစုနာတွေမှာ အရွက်ကို ထုထောင်းပြီး လိမ်းပေး၊ အုံပေးခြင်းဖြင့် ပြည်ပေါက်ပြီး အနာကျက်စေပါတယ်။
အူလမ်းကြောင်း သန်ကောင်၊ တုတ်ကောင်ရောဂါတွေမှာ အမြစ်ကို ရေစိမ်ထားတဲ့ အရည် ဟင်းစားဇွန်း ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် ၃ ရက်ခန့် သောက်ပေးခြင်းဖြင့် ပျောက်ကင်း သက်သာစေပါတယ်။
လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်းတွေမှာ အရွက်ပြုတ်ရည် အမြစ်မှုန့် တခါသောက် ရေနွေးကြမ်း ပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။ အရွက်ပြုတ်ရည်ကို ငုံပေးခြင်း၊ ပလုတ်ကျင်းခြင်း ပြုလုပ်ပေးပါ။
အရိုးကျိုး၊ အက်ခြင်းအတွက် အမြစ်ကို ထုထောင်းကြိတ်ချေကာ အုံပေးပြီး ပတ်တီးနဲ့စည်းပေးကာ တနေ့တကြိမ် လဲလှယ်ပေးပါ။
သွေးထွက်ခြင်း၊ သွေးယိုစီးခြင်းအတွက် အရွက်ကြိတ်ဖတ်ကို အုံပေးခြင်းဖြင့် သွေးတိတ်စေပါတယ်။
အရေပြားရောဂါတွေမှာ အမြစ်သွေးရည်ကို လိမ်းဆေး လိမ်းပေးနိုင်ပါတယ်။
ကြာဖက်ကြီးပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ကို ဆန့်ကျင်တဲ့ အာနိသင်ရှိတာကြောင့် ကိုယ်ဝန်ဆောင်နဲ့ သားသမီးရယူလိုသူ မိခင်လောင်းများ ကြာဖက်ကြီးပင်ကို သောက်ဆေးအဖြစ် သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ ကြာဖက်ကြီးပင်နဲ့ ဓာတ်မတည့်သူတွေ ကြာဖက်ကြီးပင်ထွက် ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူတွေ ကြာဖက်ကြီးပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။










